မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က အသင်းရဲ့ ဒိန်းမတ် တိုက်စစ်ကစားသမားလေး ရက်မတ်စ် ဟွိုင်လန်းက အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ လူငယ် ကြယ်ပွင့် ကစားသမားတစ်ဦးလို့ သတ်မှတ် ပြောဆိုလိုက်ပါတယ်။

အသက် (၂၀)အရွယ် ဒိန်းမတ် လက်ရွေးစင် တိုက်စစ်မှူးလေး ဟွိုင်လန်းဟာ ဒီနွေဈေးကွက်ကမှ အတ္တလန်တာကနေ မန်ယူနိုက်တက်အသင်းဆီ ပေါင်(၆၄)သန်း+(၈)သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : beIN SPORTS

ဟွိုင်လန်းဟာ ကစားသမားဘဝအတွင်း ပထမဆုံးသော ချန်ပီယံလိဂ်ပြိုင်ပွဲကို ယူနိုက်တက်အသင်းနဲ့အတူ ဆင်နွဲရင်း ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပေမယ့် (၅)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဟွိုင်လန်းဟာ ပရီးမီးယားလိဂ်မှာ (၁၂)ပွဲအထိ ကစားတာတောင် တစ်ဂိုးမှ မသွင်းယူနိုင်တဲ့အထိ ရုန်းကန်နေရပါတယ်။

ပရီးမီးယားလိဂ်မှာ မိနစ်ပေါင်း (၇၉၈)မိနစ်အထိ ကစားထားပြီးချိန်မှာ သွင်းဂိုးရော ဂိုးဖန်တီးမှုပါ မလုပ်ဆောင်နိုင်သေးတဲ့ ဟွိုင်လန်းကို ဝေဖန်မှုတွေ ရှိနေကြပေမယ့်လည်း Telegraph ရဲ့ ဖော်ပြချက်များအရ ဟွိုင်လန်းက ဒီရာသီ ပရီးမီးယားလိဂ် တိုက်စစ်မှူးတွေထဲ အသင်းဖော်တွေဆီက ဘောလုံးပေးပို့မှု အကြိမ်ရေ အနည်းဆုံးအဖြစ် သတ်မှတ်ခံထားရပါတယ်။

Photo Credit : Eurosport

ဒါ့အပြင် နည်းပြ တန်ဟက်ဂ်က ဟွိုင်လန်းနဲ့ ပတ်သက်ပြီး “ရက်မတ်စ်က ချန်ပီယံလိဂ်မှာ (၅)ဂိုးအထိ သွင်းယူပြီး သူရဲ့ ဂိုးသွင်းနှုန်းကလည်း မြင့်မားတဲ့ အဆင့်တစ်ခုမှာ ရှိနေခဲ့ပါတယ်။ ဒါဟာ လူငယ် ကစားသမားတစ်ဦးဆီကနေ မြင်တွေ့ရတဲ့ အကြီးမားဆုံးသော စွမ်းဆောင်မှုတစ်ခုပါပဲ။”

“ပြီးတော့ သင်တို့တွေလည်း ဒီကစားသမားရဲ့ အလားအလာကောင်းတွေကို မြင်တွေ့နိုင်တာပဲလေ။ သူ ပရီးမီးယားလိဂ်မှာ ဂိုးတွေ မကြာခင် သွင်းယူန်ိုင်လိမ့်မယ်ဆိုတာ ကျွန်တော် အသေအချာ ပြောဆိုနိုင်ပါတယ်။ လေ့ကျင့်ခန်း အစီအစဉ်တွေမှာ သူ ဘယ်လို လုပ်ဆောင်နိုင်လဲဆိုတာ ကျွန်တော် မြင်တွေ့ပြီးသားပါ” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။