မန်ချက်စတာ ယူနိုက်တက် အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့ပြီး အသင်းအတွက် လုံးဝ အားထားရမယ့် ကျောက်ရိုင်းတုံးလေးလို့ သတ်မှတ်ခဲ့ပေမယ့်လည်း တဖြည်းဖြည်းနဲ့ စွမ်းဆောင်ရည်တွေက တော်တော်ဖျင်းလွန်းလာခဲ့တဲ့ မားကပ်စ် ရပ်ရှ်ဖို့ဒ်ကို နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်ကတော့ ချီးကျူးမြဲ ချီးကျူးနေဆဲသာ လုပ်ဆောင်နေပါတယ်။

တကယ်တော့ ရပ်ရှ်ဖို့ဒ်ဟာ နည်းပြ တန်ဟက်ဂ်နဲ့ ပထမဆုံး လက်တွဲခဲ့တဲ့ ဘောလုံးရာသီမှာပဲ အသင်းအတွက်ကို ပြိုင်ပွဲစုံ သွင်းဂိုး (၃၀)အထိတောင် သွင်းယူနိုင်ခဲ့လို့ အသင်းက ရာသီအကုန်မှာ ရပ်ရှ်ဖို့ဒ်ကို ၂၀၂၈ခုနှစ်အထိ စာချုပ်သစ် ချုပ်ဆိုခဲ့ပြီး သူရဲ့ တစ်ပတ်လုပ်ခကလည်း ပေါင် (၃၇၅၀၀၀)အထိ တိုးမြှင့်ပေးခဲ့ပါတယ်။

Photo Credit : Reuters

ဒီလို သက်တမ်းတိုး လစာတိုးမြှင့်ပြီးနောက်ပိုင်း သူကစားချင်ပါတဲ့ ဘယ်တောင်ပံနေရာမှာပါ ကစားစေခဲ့တဲ့နောက် ရပ်ရှ်ဖို့ဒ်က ခြေစွမ်းပိုင်းတွေ အတော်လေး ကျဆင်းခဲ့ရပြီး သူရဲ့ သွင်းဂိုးစွမ်းရည်ကပါ မယုံနိုင်စရာကောင်းလောက်အောင် ကျဆင်းသွားရပါသေးတယ်။

ပိုဆိုးတာကတော့ ဘောလုံး Pundits တွေ ပရိသတ်တွေ အမြဲလိုလို ထောက်ပြနေတက်တဲ့ ရပ်ရှ်ဖို့ဒ်ရဲ့ ကိုယ်ဟန်အမှုယာ မျက်နှာထားတွေက စိတ်မပါလက်မပါ စိတ်ပျက်နေတဲ့ ပုံစံတွေ ပြသနေသလို ပြိုင်ဘက်တွေကိုလည်း pressing မလုပ်တာ ဘောလုံးလိုက်မလုတာတွေကလည်း ပြစ်တင် ဝေဖန်ချင်စရာတွေ ဖြစ်နေရပါတယ်။

Photo Credit : Eurosport

ဒါပေမယ့် ယူန်ိုက်တက် နည်းပြဖြစ်သူ တန်ဟက်ဂ်ကတော့ သူ့တပည့် ရပ်ရှ်ဖို့ဒ်အပေါ်မှာ ကာကွယ်မှုတွေ လုပ်ဆောင်ခဲ့သလို ကြံဖန်ပြီးတောင် ချီးကျူးမှုတွေပါ လုပ်ဆောင်သွားခဲ့ပြန်ပါတယ်။ “မားကပ်စ် ရပ်ရှ်ဖို့ဒ်ရဲ့ form က တိုးတက်လာနေပါတယ်။ သူ့မှာ ကြီးမားတဲ့ စိတ်အားတက်ကြွမှုတွေ ရှိနေတယ်။”

“အဲ့ဒါက သေချာပါတယ်။ သူက ကျွန်တော်တို့နဲ့အတူ အောင်မြင်မှုတွေ ရယူချင်နေတယ်လို့လည်း ကျွန်တော် သိထားပါတယ်။ သူက ဒီအသင်းနဲ့ ဆုဖလားတွေ ရယူချင်တယ်။ ချန်ပီယံလိဂ်ဝင်ခွင့်နေရာနဲ့ လာမယ့် ယူရိုပြိုင်ပွဲအတွက်ကိုလည်း တိုက်ပွဲဝင်သွားချင်နေတယ်။ ဒါကြောင့် သူရဲ့ စိတ်အားထက်သန်မှုကလည်း မြင့်မားနေရပါမယ်။” လို့ တန်ဟက်ဂ်က မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။