အာဆင်နယ်အသင်းရဲ့ ဂိုးသမားဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိမှာ စီးရီးအေကလပ် ဂျုဗင်တပ်စ်အသင်းအတွက် ပါဝင်ကစားပေးနေတဲ့ ဂိုးသမားရှက်ဇနီက သူရဲ့အသင်းဟောင်းနဲ့ပတ်သက်ပြီး သူရဲ့ခံစားချက်တွေကို ထုတ်ဖော်လာခဲ့ကာ ဒီရာသီအတွင်း ချန်ပီယံလိဂ်ဝင်ခွင့်ကို မရယူနိုင်ခဲ့တာက စိတ်ပျက်စရာဖြစ်ပြီး အာဆင်နယ်ကို နောက်(၂)နှစ်အကြာမှသာ ချန်ပီယံလိဂ်မှာ မြင်တွေ့ရနိုင်တယ်လို့ ရှက်ဇနီ သုံးသပ်ပြောဆိုလိုက်ပါတယ်။

The squad that Arsenal need to win Europa League and Top 4 next season -  Just Arsenal News

Photo Credit : Just Arsenal

အာဆင်နယ်အသင်းဟာ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ မတိုင်ခင်မှာ ကစားသမားသစ် ဖြည့်တင်းမှုတွေကို အားကောင်းကောင်းနဲ့ လုပ်ဆောင်ခဲ့ပြီး ဥရောပပြိုင်ပွဲတွေလည်း ဝင်ရောက်ဆင်နွဲရခြင်း မရှိတဲ့အတွက် အမှတ်ပေးပွဲတွေကိုသာ အာရုံစိုက်နိုင်ခဲ့ပါတယ်။ အာဆင်နယ်ဟာ ရာသီသိမ်းခါနီးမှာ အဆင့်(၄)နေရာနဲ့ အဆုံးသတ်နိုင်ဖို့ နီးစပ်ခဲ့ရပေမယ့်လည်း စပါးနဲ့ နယူးကာဆယ်တို့ကို (၂)ပွဲဆက်တိုက် အရေးနိမ့်ခဲ့ရာကနေ နောက်ဆုံးမှာတော့ အဆင့်(၅)နေရာနဲ့သာ အဆုံးသတ်ခဲ့ရပြီး ချန်ပီယံလိဂ်နဲ့ လွဲချော်ခဲ့ရကာ ယူရိုပါလိဂ်ဝင်ခွင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

Juventus ace Wojciech Szczesny believes Arsenal will soon return to the Champions League

Photo Credit : The Sun

အာဆင်နယ်အသင်းနဲ့ ပတ်သက်ပြီး အသက်(၃၂)နှစ်အရွှယ် ပိုလန်ဂိုးသမား ရှက်ဇနီဟာ “အသင်းပရိသတ်တစ်ယောက်အနေနဲ့ တကယ့်ကို စိတ်ပျက်စရာပါပဲ။ သူတို့တွေ ကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့ပြီး ဘောလုံးရာသီ မစတင်ခင်မှာ သူတို့အသင်းကို အခွင့်အရေး ရှိတယ်လို့ ဘယ်သူမှ မပြောခဲ့ကြပါဘူး။ ရာသီသိမ်းဖို့ နှစ်ပွဲသာ ကျန်ရှိနေတာ့တဲ့အချိန်မှာ သူတို့က အဆင့်(၄)အတွင်း ဝင်ရောက်နေပါပြီ။ ဒါကို လွဲချော်လိုက်ရခြင်းက စိတ်ပျက်စရာကောင်းပေမယ့် ဒီနှစ်ရာသီမှာတော့ သူတို့တွေ တကယ်ကောင်းတဲ့အလုပ်ကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဘောလုံးနဲ့ပတ်သက်ပြီး မီခယ်လ်ရဲ့ စိတ်ကူးစိတ်သန်းတွေကို ကျွန်တော် မြင်နေရတယ်။ သူ့မှာက ငယ်ရွှယ်တဲ့ ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းကို ပိုင်ဆိုင်ထားတာမို့ သူတို့တွေအားလုံး အဆင်ပြေကြလိမ့်မယ်။ နောက်(၂)နှစ်လောက်ကြာရင်တော့ အာဆင်နယ်အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တွေ့မြင်ရတော့မှာပါ” လို့ သုံးသပ်သွားခဲ့ပါတယ်။ ဂိုးသမား ရှက်ဇနီဟာ အာဆင်နယ်အသင်းမှာ ၂၀၀၉ခုနှစ်ကနေ ၂၀၁၇ခုနှစ်အထိ ပါဝင်ကစားခဲ့တာဖြစ်ပြီး အသင်းနဲ့ အက်အေဖလားကို (၂)ရာသီဆက်တိုက် ပိုင်ဆိုင်နိုင်ခဲ့သလို ပွဲစဉ်ပေါင်း (၁၈၁)ပွဲအထိ ပါဝင်ကစားဖြစ်ခဲ့ပါတယ်။