ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကမ္ဘာ့ဖလား အုပ်စုပွဲတွေ အပြီးမှာ အိမ်ပြန်ခဲ့ရတဲ့ ဥရုဂွေးရဲ့ ဝါရင့် တိုက်စစ်မှူးကြီး လူးဝစ် ဆွာရက်ဇ်ကတော့ ဂါနာနဲ့ ယှဉ်ပြိုင် ကစားခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲမှာ သူတို့ဟာ ရသင့်တဲ့ ပင်နယ်တီတွေ မရခဲ့တာကြောင့်သာ အုပ်စုအဆင့် ကနေ လှည့်ပြန်ခဲ့ရတာပါလို့ ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဥရုဂွေးက ကမ္ဘာ့ဖလား အုပ်စုအဆင့်မှာ ပေါ်တူဂီ ၊ တောင်ကိုရီးယား ၊ ဂါနာတို့နဲ့ တအုပ်စုထဲ ကျရောက်ခဲ့ရာ အုပ်စုပွဲတွေ အပြီးမှာ ၁ပွဲနိုင် ၊ ၁ပွဲသရေ ၊ ၁ပွဲရှုံး ဆိုတဲ့ ရလဒ်နဲ့အတူ ရမှတ် ၄မှတ် အထိ စုဆောင်းနိုင်ခဲ့ပေမယ့် အုပ်စု ဒုတိယ ဖြစ်သွားတဲ့ တောင်ကိုရီးယားထက် သွင်းဂိုးပမာဏ နည်းပါးခဲ့တာကြောင့် အုပ်စုတတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

Photo Credit: Euro Sports

ဥရုဂွေးက အုပ်စုနောက်ဆုံးပွဲ အဖြစ် ယှဉ်ပြိုင် ကစားခဲ့ရတဲ့ ဂါနာနဲ့ပွဲမှာ ဂိုးပြတ်နိုင်ပွဲ တပွဲ ရခဲ့ရင် အုပ်စုအဆင့်ကို ကျော်လွန်နိုင်ဖို့ ရှိတာကြောင့် ဂါနာကို ပွဲစပွဲဆုံး ဖိအားပေး တိုက်စစ်ဆင် ကစားသွားခဲ့ပေမယ့် ပထမပိုင်းမှာ ရခဲ့တဲ့ ကွင်းလယ်လူ အာရက်စ်ကေတာရဲ့ သွင်းဂိုး ၂ဂိုးနဲ့သာ ကျေနပ်ခဲ့ရပြီး အကယ်၍ သူတို့ကသာ ဒုတိယပိုင်းမှာ သွင်းဂိုး ၁ဂိုး ထပ်မံ သွင်းယူနိုင်ခဲ့ရင် ဂိုးကွာခြားချက် အသာစီးနဲ့အတူ ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်မှာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဥရုဂွေးက ဒုတိယပိုင်းမှာ သွင်းဂိုး ၁ဂိုးမှ ထပ်သွင်းနိုင်ခဲ့ခြင်း မရှိပဲ ပေါ်တူဂီကို နောက်ကျအနိုင်ဂိုးနဲ့ နိုင်သွားခဲ့တဲ့ တောင်ကိုရီးယားရဲ့ နိုင်ပွဲကြောင့် အုပ်စုတွင်းမှာ တတိယနေရာသာ ရခဲ့ပါတယ်။ ဥရုဂွေး ၂-၀ ဂါနာ ပွဲအပြီးမှာတော့ ဥရုဂွေးရဲ့ ဝါရင့် တိုက်စစ်မှူးကြီး ဆွာရက်ဇ်က သူတို့ဟာ အုပ်စုအဆင့်ကနေ မပြုတ်သင့်ပဲ ပြုတ်ခဲ့ရတာ ဖြစ်ပြီး ကွင်းလယ်ဒိုင်ကသာ သူတို့ ရသင့်တဲ့ ပင်နယ်တီတွေကို ပေးခဲ့ရင် သူတို့ဟာ အုပ်စုအဆင့်ကို ကျော်လွန်နိုင်ကြောင်း ဆိုလာပါတယ်။

Photo Credit: Euro Sports

ဆွာရက်ဇ်က – “ကျွန်တော်က အခုချိန်မှာ ဝမ်းနည်းမှုတွေကိုရော ၊ စိတ်ပျက်မှုတွေကိုပါ တချိန်ထဲ ခံစားနေရပါတယ်။ ကျွန်တော့်ရဲ့သားက ဝမ်းနည်းမှုတွေနဲ့ ကွင်းထဲကနေ ထွက်သွားခဲ့တာပါ။ ဒါကြောင့် အဖေ တယောက်အနေနဲ့ ကိုယ့်ရဲ့သားကို ပျော်ရွှင်အောင် မလုပ်ပေးနိုင်လို့ စိတ်ပျက်ရပါတယ်။ ဒါပေမယ့် တခါတလေ ဒီလိုမျိုး ခက်ခဲတဲ့ အချိန်တွေကို ကျော်ဖြတ်ရတယ် ဆိုတာ သူတော့ သိသွားလောက်ပါပြီ။ ပြီးတော့ ကာဗာနီရဲ့ ဖြစ်ရပ်ဟာ ပင်နယ်တီ ပေးရမယ့် ဖြစ်ရပ်လို့ မြင်ပါတယ်။ နောက်ခံလူတွေက သူ့ကို တားဆီးဖို့ ကိုယ်ထိလက်ရောက် လုပ်ခဲ့သလို သူ့ရဲ့ အရှေ့ကနေလည်း ပိတ်ဆို့ခဲ့ပါတယ်။ ပြီးတော့ ဒါဝင်ရဲ့ ဖြစ်ရပ်ကလည်း ပင်နယ်တီ ပေးရမယ့် ဖြစ်ရပ်တခုပါ။ ကျွန်တော်တို့တွေ အုပ်စုအဆင့် ကနေ ပြုတ်ခဲ့ရလို့ ဆင်ခြေပေးစရာတော့ မရှိပါဘူး။ ဒါပေမယ့် ပေးသင့်တဲ့ ပင်နယ်တီတွေကို မပေးခဲ့တာကြောင့် ဒိုင်အဖွဲ့ချုပ်နဲ့ ဖီဖာက လူတွေဟာ ဒီဆုံးဖြတ်ချက်တွေနဲ့ ပတ်သတ်ပြီး ဖြေရှင်းပေးသင့်ပါတယ်” လို့ မကျေမချမ်း ပြောဆိုသွားခဲ့တာပါ။