ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးနဲ့ အင်္ဂလန် လက်ရွေးစင် အသင်းတို့ရဲ့ အဓိက နောက်ခံလူ တဦး ဖြစ်သူ ဂျွန်စတုန်းကတော့ သူတို့ အင်္ဂလန်အသင်းဟာ ဂျာမဏီကို အနိုင်ယူပြီး ဟန်ဂေရီကို အရှက်တကွဲ ရှုံးနိမ့်ခဲ့မှုကနေ ပြန်လည် နိုးထမယ်လို့ ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။

ကမ္ဘာ့ဘောလုံး အင်အားကြီး နှစ်နိုင်ငံ ဖြစ်တဲ့ အင်္ဂလန်နဲ့ ဂျာမဏီတို့က ယခုနှစ် နေးရှင်းလိဂ်ပြိုင်ပွဲရဲ့ အုပ်စု(၃)ထဲမှာ အီတလီ ၊ ဟန်ဂေရီ စတဲ့ အသင်းကောင်းတွေနဲ့ အတူတကွ ကျရောက်နေပြီး နောက်တဆင့်ဆီ တက်လှမ်းနိုင်ဖို့ အတွက် ရုန်းကန်နေကြရပါတယ်။

Photo Credit: Standard

နေရှင်းလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဖွင့် ပွဲတွေမှာဆိုရင်လည်း ဂျာမဏီက အီတလီကို အဝေးကွင်းမှာ သရေသာ ကစားနိုင်ခဲ့သလို အင်္ဂလန်က အမြဲတမ်းလိုလို အနိုင်ရလေ့ ရှိတဲ့ ဟန်ဂေရီကို မထင်မှတ်ပဲ အဝေးကွင်းမှာ အရှုံးပေးခဲ့ရပါတယ်။

ဒါကြောင့်ပဲ ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် အင်္ဂလန်နဲ့ ဂျာမဏီတို့ရဲ့ ပွဲစဉ်မှာ အိမ်ရှင် အင်္ဂလန်က ဧည့်သည် ဂျာမဏီထက် ရလဒ်ကောင်း ရယူနိုင်ရန် ပိုမို လိုအပ်နေပြီး ဒီညမှာ ကစားမယ့် ပွဲစဉ်မှာသာ အင်္ဂလန်က ဂျာမဏီကို အနိုင်မယူနိုင်ခဲ့ရင် နောက်တဆင့်ဆီ တက်ရောက်နိုင်ဖို့ ပိုမို ရုန်းကန်ရတော့မှာလည်း ဖြစ်ပါတယ်။

Photo Credit: Standard

ဒါပေမယ့် လတ်တလော ခြေစွမ်းပိုင်းအရ အင်္ဂလန်က ဂျာမဏီထက် အနည်းငယ် အသာစီးရနေသလို အင်္ဂလန် ဗဟိုနောက်ခံလူ ဂျွန်စတုန်းကလည်း သူတို့ဟာ ဂျာမဏီကို နောက်ဆုံး တွေ့ဆုံခဲ့စဉ်မှာ အနိုင်ယူခဲ့သလို ယခုတခါမှာပါ အနိုင်ယူဖို့ အဆင်သင့် ဖြစ်နေကြောင်း ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

ဂျွန်စတုန်းက – “လူတိုင်းက ကျွန်တော်တို့နဲ့ အတွေးတူမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့က နောက်ဆုံး တခေါက်မှာ ဂျာမဏီကို အနိုင်ယူပြီးကတည်းက ဆက်တိုက် ဆိုသလို နိုင်ပွဲတွေ ရယူနိုင်ခဲ့ပြီး အသင်းအတွက် ရှေ့တလှမ်း တိုးနိုင်ခဲ့တယ်လို့ ဆိုရပါမယ်။ ဒါပေမယ့် အခုတော့ ကျွန်တော်တို့ရဲ့ ရှုံးပွဲမရှိ စံချိန်မှတ်တမ်း ရိုက်ချိုးခံထားရပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေ ပြန်ပြီး ရုန်းထနိုင်ဖို့ နိုင်ပွဲ လိုအပ်ပါတယ်။ ကျွန်တော်တို့က ဘယ်လိုအသင်းမျိုးလဲ ဆိုတာကို ကြိုးစားမှုတွေ ၊ ပေးဆပ်မှုတွေနဲ့ သက်သေပြသွားမယ်။ ကျွန်တော်တို့ နိုင်ပွဲတွေ ရယူပြမယ်။ မနက်ဖြန်မှာ ကစားမယ့် ဂျာမဏီနဲ့ပွဲက ကျွန်တော်တို့တွေ ကျိန်းသေပေါက် အနိုင်ကစားမယ့် ပွဲပါ” လို့ ကြုံးဝါး ပြောဆိုသွားခဲ့တာပါ။