လီဗာပူးလ် ကစားသမားဟောင်းကြီး အသင်းခေါင်းဆောင်ဟောင်းကြီး စတီဗင်ဂျရတ်ဟာ ဆော်ဒီကလပ် အယ်လ်အစ်တီဖတ်အသင်းရဲ့ နည်းပြသစ် ဖြစ်လာပြီးနောက် လီဗာပူးလ် အသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆန် နဲ့ ချယ်လ်တီး တိုက်စစ်ကစားသမား အူဘာမီယန်းတို့ကို အယ်လ်အစ်တီဖတ်အသင်းဆီ ခေါ်ဆောင်သွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Bleacher Report

ရိန်းဂျားစ် အက်စတွန်ဗီလာအသင်းတို့ကို ကိုင်တွယ်ခဲ့ဖူးတဲ့ လီဗာပူးလ် legend player ကြီး ဂျရတ်က အယ်လ်အစ်တီဖတ်အသင်း (၂)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းမှာက တခြားသော ဆော်ဒီကလပ်အသင်းတွေလို ဥရောပရဲ့ big name players တွေ ပိုင်ဆိုင်ထားခြင်း မရှိတဲ့အတွက် ဂျရတ်က သူ့စိတ်ကြိုက် ကစားသမားတချို့ကို အယ်လ်အစ်တီဖတ်ဆီ ခေါ်ဆောင်သွားချင်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဂျရတ်က အသက် (၃၃)နှစ်အရွယ် လီဗာပူးလ် ကွင်းလယ်လူ ဟန်ဒါဆန်ကို ခေါ်ဆောင်သွားချင်နေပါတယ်။

Photo Credit : Liverpool Echo

လီဗာပူးလ် အသင်းခေါင်းဆောင် ဟန်ဒါဆန်က လီဗာပူးလ်အသင်းမှာ (၁၂)နှစ်တာအထိ ကျင်လည်ခဲ့တဲ့ ဝါရင့် ကစားသမားတစ်ဦးဖြစ်ပြီး သူရဲ့ကစားအား ကျဆင်းလာမှုနဲ့ အသက်အရွယ်တို့ကြောင့် ကလော့ပ်ရဲ့အသင်းမှာ ပုံမှန် နေရာရဖို့ မသေချာတော့သလို ဟန်ဒါဆန်ရဲ့ စာချုပ်သက်တမ်းဟာလည်း (၂)နှစ်သာ ကျန်ရှိနေပါတော့တယ်။ ဒီအခြေအနေမှာ ဂျရတ်က ဟန်ဒါဆန်ကို အယ်လ်အစ်တီဖတ်အသင်းဆီ ခေါ်ဆောင်သွားချင်နေပြီး ချယ်လ်ဆီးမှာ အနာဂတ် မရှိတော့တဲ့ ဂါဘွန် တိုက်စစ်ကစားသမား အူဘာမီယန်းကို အလိုရှိလာခဲ့ပါတယ်။

Photo Credit : Sky Sports

အသက် (၃၄)နှစ်အရွယ် ကစားသမားကြီးက ဒီဈေးကွက်ထဲမှာ ချယ်လ်ဆီးကနေ သေချာပေါက် ရောင်းထုတ်ခံရမယ့် ကစားသမားစာရင်းထဲ အပါအဝင် ဖြစ်လို့နေပြီး သူ့အသင်းဖော်တွေဖြစ်တဲ့ ကန်တေ ကူလီဘလီ မန်ဒီတို့လို ဆော်ဒီကလပ်တွေဆီ ပြောင်းရွှေ့လာဖွယ်လည်း ရှိနေပါတယ်။