ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ ကြယ်ပွင့် ကစားသမား တဦး ဖြစ်သူ စတာလင်းက သူနဲ့ ချယ်လ်ဆီးရဲ့ ကြယ်ပွင့်ဟောင်း တဦး ဖြစ်သူ အီဒင် ဟာဇက်တို့ဟာ ကိတ်တာချင်း တူတယ်လို့ ချယ်လ်ဆီးရဲ့ အင်တာဗျူး အစီအစဉ် တခုမှာ ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၈နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား စတာလင်းက ယခုနှစ် ဘောလုံးရာသီ အစကမှ မန်ချက်စတာ စီးတီး ကနေ ချယ်လ်ဆီးထံ ပြောင်းရွှေ့ကြေး ၅၆သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံမှာ ၂၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၇ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

Photo Credit: Sports Brief

တဖက်မှာတော့ အသက် ၃၂နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဟာဇက်ဟာ စပိန်ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်မှာ ကစားနေသူ ဖြစ်ပြီး သူက ရီးရဲလ်မက်ဒရစ်မှာ ပုံမှန် ကစားခွင့် ရဖို့ ရုန်းကန်နေရပေမယ့် ချယ်လ်ဆီးမှာ ကစားခဲ့စဉ်က ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တောင်ပံတိုက်စစ် ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ အထိ ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့သူပါ။

အီဒင် ဟာဇက်နဲ့ စတာလင်းတို့က မြန်နှုန်းမြင့် တောင်ပံတိုက်စစ် ကစားသမားတွေ ဖြစ်ကြသလို နှစ်ဦးစလုံးက အရပ်အမောင်းရော ၊ ခန္ဓာကိုယ် တည်ဆောက်ပုံခြင်းပါ ဆင်တူကြကာ သူတို့နှစ်ဦးစလုံးမှာ အတူညီဆုံး ခန္ဓာကိုယ် အစိတ်အပိုင်း တခုက ဖင်ကိတ်တာပဲ ဖြစ်ပါတယ်။

Photo Credit: Marca

ဒါကြောင့်လည်း ချယ်လ်ဆီးအသင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ စတာလင်းက သူနဲ့ ဟာဇက်တို့မှာ ရှိတဲ့ တူညီမှုကို ပြောပြပါလား ဆိုတဲ့ မေးခွန်း မေးခံခဲ့ရချိန်မှာ ကိတ်တာချင်း တူတာပါလို့ ပြန်လည် ဖြေကြားသွားခဲ့တာပါ။

စတာလင်းက – “ကျွန်တော်နဲ့ ဟာဇက်တို့မှာ တူညီတဲ့ အချက်ကို ပြောရရင်တော့ ဖင်လုံးကြီးကြီးတွေ ရှိတာပါ။ (ရယ်လျက်) ကျွန်တော် ပြောတာ ဟုတ်တယ်မလား” ဆိုပြီး ဖြေကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။