ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးက သူတို့အသင်းရဲ့ အားနည်းနေတဲ့ ညာခံစစ်အတွက် စပို့တင်း လစ္စဘွန်းနဲ့အတူ တောက်ပနေတဲ့ ညာနောက်ခံလူ ပက်ဒရို ပေါ်ရိုကို ခေါ်ယူရန် ကြိုးစားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

စပါးက ညာနောက်ခံနဲ့ ညာအစွန်နေရာမှာ အီမာဆန်နဲ့ ဒိုဟာတီတို့ နှစ်ဦးကို ပိုင်ဆိုင်ထားပေမယ့် နှစ်ဦးစလုံးက သာမန်အဆင့် ကစားသမားတွေသာ ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ အတော်လေးကို အမှားအယွင်းတွေ ကျူးလွန်ခဲ့ကြပါတယ်။

Photo Credit: The Sun

ဒါကြောင့်ပဲ စပါးနည်းပြ ကွန်တီက ညာအစွန်နေရာကို အားဖြည့်ချင်နေတာ ဖြစ်ပြီး စပါးရဲ့ ကင်းထောက်အဖွဲ့က စပို့တင်း လစ္စဘွန်းနဲ့အတူ ယခုနှစ် ဘောလုံးရာသီမှာ တောက်ပနေတဲ့ ပေါ်ရိုကို သူတို့ရဲ့ အဓိက ပစ်မှတ် အဖြစ် သတ်မှတ်ထားပါတယ်။

အသက် ၂၃နှစ် အရွယ် စပိန်လက်ရွေးစင် ညာနောက်ခံလူ ပေါ်ရိုက ယခုနှစ် ဘောလုံးရာသီမှာ စပို့တင်း လစ္စဘွန်း အတွက် ပြိုင်ပွဲစုံမှာ ၂၂ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၁၀ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ စပါးက ပေါ်ရိုအတွက် စပို့တင်း လစ္စဘွန်းထံ ကြားခံလူတွေ ကနေ တဆင့် ဆက်သွယ်မှုတွေ ပြုလုပ်ထားပြီး ယခု ဆောင်းဈေးကွက် အတွင်းမှာပဲ ရအောင် ခေါ်ယူဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

ဒါပေမယ့် စပို့တင်း လစ္စဘွန်းကတော့ သူတို့ရဲ့ အဓိက ကစားသမား ပေါ်ရိုကို အလွယ်တကူ လက်လွှတ်ဖွယ် မရှိပဲ စပို့တင်း လစ္စဘွန်းက ပေါ်ရိုအတွက် စာချုပ်ဖျက်သိမ်းကြေး ယူရို ၄၅သန်း လိုချင်နေကြောင်း ပေါ်တူဂီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။