တော့တင်ဟမ် ဟော့စပါးအသင်းဟာ လာမယ့်နွေဈေးကွက်အတွင်းမှာ တိုက်စစ်ကစားသမား ရစ်ချာလီဆန်ကို အသင်းကနေ ရောင်းထုတ်ပြီး ဘုန်းမောက်အသင်းရဲ့ တိုက်စစ်မှူး ဆိုလန်ကီကို ခေါ်ယူ ဖြည့်တင်းသွားဖို့ စီစဉ်လျက် ရှိနေတယ်လို့ talkSPORT ကနေ ဖော်ပြလာခဲ့ပါတယ်။

ဒီနှစ်နွေမှာပဲ အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ တိုက်စစ်မှူး ဟယ်ရီကိန်းကို ဘိုင်ယန်မြူးနစ်အသင်းဆီ လက်လွတ်ခဲ့ရတဲ့ စပါးအသင်းဟာ နော်တင်ဟမ် ဖောရက်စ်က ဘရန်ဒန် ဂျွန်ဆင်ကို ခေါ်ယူခဲ့သလို လိုက်ပ်ဇစ်ကနေ တီမို ဝါနာကိုပါ ခေါ်ယူခဲ့ပေမယ့် ဝါနာက အငှားနဲ့သာ ခေါ်ယူခဲ့တာဖြစ်ပြီး အပြီးသတ် ခေါ်ယူဖို့က မသေမချာ ဖြစ်နေပါတယ်။

Photo Credit : Free Cartilage Captain

စပါးရဲ့ တိုက်စစ်မှာ အသင်းခေါင်းဆောင် ဆွန်ဟောင်မင် ရစ်ချာလီဆန် ကူလူဆက်ဗ်စကီး ဂျွန်ဆင်တို့ အဓိက ပါဝင်ရင်း ဆွန်က အသင်းအတွက် ပရီးမီးယားလိဂ် (၁၇)ဂိုး သွင်းယူကာ ရစ်ချာလီဆန်ကတော့ (၁၁)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါဟာ ရစ်ချာလီဆန်အတွက်တော့ စပါးကစားသမားဘဝ အမြင့်မားဆုံး စွမ်းဆောင်ရည်လည်း ဖြစ်ခဲ့ရပါတယ်။

ဒါပေမယ့် ရစ်ချာလီဆန်က ဒဏ်ရာတွေ မကြာခဏ ရရှိနေတက်သလို ၂၀၂၄ခုနှစ်ထဲမှာလည်း စပါးအတွက် သွင်းဂိုး (၃)ဂိုးသာ သွင်းယူထားနိုင်လို့ သူ့ကို အသင်းဘက်က ပြန်လည် ရောင်းထုတ်ဖို့အထိ စဉ်းစားလာခဲ့ပြီး သူ့နေရာမှာ အစားထိုးမယ့် ကစားသမားကိုပါ ရှာတွေ့ထားခဲ့ပါသေးတယ်။

Photo Credit : talkSPORT

စပါးက သူတို့ရဲ့ တိုက်စစ်ကစားသမား ရစ်ချာလီဆန်ကို အသင်းကနေ ရောင်းထုတ်ပြီး ဒီရာသီမှာ ဘုန်းမောက်အတွက် သွင်းဂိုးတွေ များစွာ ရယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဆိုလန်ကီကို ပြန်လည် ခေါ်ယူသွားဖို့ အလွန် စိတ်ဝင်စားလို့နေပါတယ်။ ဆိုလန်ကီဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် သွင်းဂိုးပေါင်း (၁၉)ဂိုးအထိ သွင်းယူထားပြီး အကောင်းဆုံး ခြေစွမ်းတွေ ပြသလို့ထားပါတယ်။

ဒါပေမယ့်လည်း ဒီလောက်အထိ ခြေစွမ်းပြထားတာတောင်မှ ယူရိုပြိုင်ပွဲ ဆင်နွဲမယ့် အင်္ဂလန် လက်ရွေးစင်အသင်းမှာတောင် ရွေးချယ်မခံရတဲ့ ဆိုလန်ကီက ဘုန်းမောက်ထက် တစ်ဆင့်မြင့်မားတဲ့ အသင်းတစ်သင်းဆီ ပြောင်းရွှေ့ဖို့ ဆန္ဒရှိလာခဲ့ပြီး အခု သူ့ကိုလည်း စပါး အပါအဝင် ပရီးမီးယားလိဂ် ထိပ်သီးအသင်းများက အပြိုင် စိတ်ဝင်စားနေကြပါတယ်။