ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးက ဘာစီလိုနာနဲ့ စပိန်နည်းပြဟောင်း လူးဝစ် အင်းနရစ်ကို အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ တရားဝင် ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့် အတွက် တိုက်ပွဲဝင်နေရတဲ့ စပါးက မကြာသေးမီကပဲ အသင်းရဲ့ နည်းပြချုပ် ဖြစ်သူ ကွန်တီနဲ့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ပြီး စပါးဟာ ကွန်တီနဲ့ လမ်းခွဲပြီးနောက် လက်ထောက်နည်းပြတွေ ဖြစ်တဲ့ စတယ်လီနီနဲ့ မာဆန်တို့ကို အသင်းရဲ့ ယာယီနည်းပြတွေ အဖြစ် ခန့်အပ်ထားပါတယ်။

Photo Credit: Euro Sports

လက်ရှိမှာ စတယ်လီနီနဲ့ မာဆန်တို့က စပါးရဲ့ နည်းပြအဖွဲ့ကို ဦးဆောင်နေပေမယ့် စပါးက ရလဒ်ကောင်းတွေ ရယူထားနိုင်ခြင်း မရှိပဲ နောက်ဆုံး ကစားခဲ့တဲ့ ၅ပွဲမှာ ၂ပွဲနိုင် ၊ ၂ပွဲသရေ ၊ ၁ပွဲရှုံး ဆိုတဲ့ ရလဒ်ကိုသာ ရရှိထားကာ အဆင့်(၄) နေရာမှာ ရှိနေတဲ့ နယူးကာဆယ်ထက် ရမှတ် ၃မှတ် လျော့နည်းနေပါတယ်။

ဒါကြောင့်ပဲ စပါးဘုတ်အဖွဲ့က အသင်းကို ကာလရှည် ဦးဆောင်နိုင်မယ့် ထိပ်တန်းနည်းပြ တဦးကို ခေါ်ယူဖို့ အလျင်အမြန် လှုပ်ရှားလာတာ ဖြစ်ပြီး စပါးက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နည်းပြအဖြစ် လာရောက် လုပ်ကိုင်ချင်နေတဲ့ ဘာစီလိုနာ နည်းပြဟောင်း အင်းနရစ်ကို သူတို့ရဲ့ နံပါတ်တစ် ပစ်မှတ် အဖြစ် သတ်မှတ်ထားပါတယ်။

Photo Credit: Inside Sports

စပိန်လူမျိုး နည်းပြဖြစ်သူ အင်းနရစ်က ကနဦးမှာ စပါးရဲ့ မြို့ခံပြိုင်ဘက် ချယ်လ်ဆီးရဲ့ နည်းပြချုပ်ရာထူးကို ရယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် ချယ်လ်ဆီးက အင်းနရစ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက် သူတို့ရဲ့ ဂန္တဝင် ကွင်းလယ်လူ လမ်းပတ်ကိုသာ ယာယီနည်းပြ အဖြစ် ရာသီကုန် အထိ ခန့်အပ်ခဲ့ပြီး ရာသီကုန်တဲ့အခါ ဂျာမန်လူမျိုးနည်းပြ နာဂယ်စမန်းကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စဉ်းစားခဲ့ပါတယ်။

နာမည်ကြီး သတင်းဌာနတွေ ဖြစ်တဲ့ Telegraph ၊ 90 Minတို့ရဲ့ ဖော်ပြချက်တွေ အရ စပါးရဲ့ တာဝန်ရှိသူတွေက ယခုရက်ပိုင်း အတွင်းမှာပဲ အင်းနရစ်ရဲ့ ကိုယ်စားလှယ်တွေဆီ ဆက်သွယ်ကာ အင်းနရစ်နဲ့ ဆွေးနွေးချင်ကြောင်း အသိပေးခဲ့ပြီး ချယ်လ်ဆီးရဲ့ အငြင်းကို ခံခဲ့ရတဲ့ အင်းနရစ်ကလည်း စပါးရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ကြောင်းနဲ့ မကြာခင်မှာ အင်းနရစ်ဟာ စပါးရဲ့ တာဝန်ရှိသူတွေနဲ့ ကိုယ်တိုင် တွေ့ဆုံဖို့ စီစဉ်နေကြောင်း သိရပါတယ်။