ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးက သူတို့အသင်းရဲ့ နည်းပြချုပ်နေရာ အတွက် ဘိုင်ယန်မြူးနစ် နည်းပြဟောင်း နစ်ဂယ်စမန်းကို ခေါ်ယူဖို့ ကြိုးစားနေပေမယ့် နစ်ဂယ်စမန်းဟာ အသင်းသစ် ရွေးချယ်ရာမှာ အချိန်ယူဖို့ စဉ်းစားထားတာကြောင့် နစ်ဂယ်စမန်းအစား ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဇနက်ဒင်း ဇီဒန်းကို ခေါ်ယူရန် ပြောင်းလဲ ကြိုးစားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

စပါးက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ ကစားသမားတွေကို လူသိရှင်ကြား ဝေဖန်ခဲ့တဲ့ နည်းပြချုပ် ကွန်တီနဲ့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ပြီးနောက် လက်ထောက်နည်းပြ စတယ်လီနီကို ယာယီနည်းပြ အဖြစ် ခန့်အပ်ကာ ရာသီကုန် အထိ တာဝန်ယူခိုင်းထားပေမယ့် အသင်းရဲ့ နည်းပြချုပ်နေရာ အတွက် နာမည်ကြီး နည်းပြတွေကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

Photo Credit: Football 365

လက်ရှိမှာ စပါးက သူတို့အသင်းရဲ့ နည်းပြချုပ်နေရာ အတွက် ဘိုင်ယန်နည်းပြဟောင်း နစ်ဂယ်စမန်း ၊ အသင်းရဲ့ နည်းပြဟောင်း ပိုချက်တီနို ၊ ဘာစီလိုနာနဲ့ စပိန်နည်းပြဟောင်း အင်းနရစ်တို့ဆီ ချိတ်ဆက်မှုတွေ ပြုလုပ်ထားပေမယ့် နစ်ဂယ်စမန်းနဲ့ အင်းနရစ်တို့က စပါးထက် ပိုကောင်းတဲ့ အသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကို စောင့်မျှော်နေကြသလို ပိုချက်တီနိုကလည်း စပါးဥက္ကဌ လီဗိုင်းနဲ့ အစေးကပ်သူ မဟုတ်ပါဘူး။

ဒါကြောင့်ပဲ စပါးရဲ့ တာဝန်ရှိသူတွေက ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲပြီးနောက် အသင်းလက်မဲ့ နည်းပြတဦး ဖြစ်နေတဲ့ ပြင်သစ် ထိပ်တန်းနည်းပြ ဇနက်ဒင်း ဇီဒန်းကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စဉ်းစားလာကြပြီး စပါးရဲ့ ကိုယ်စားလှယ် တချို့က ဇီဒန်းရဲ့ အေးဂျင့်ထံ ဆက်သွယ်မှု တချို့ပါ ပြုလုပ်ထားပါတယ်။

Photo Credit: Football 365

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Italia သတင်းဌာနရဲ့ ဖော်ပြချက်အရ စပါးက သူတို့ရဲ့ လျာထားနည်းပြ စာရင်းထဲကို ဇီဒန်းကိုပါ ထည့်သွင်းခဲ့ပြီး စပါးရဲ့ တာဝန်ရှိသူတွေဟာ ဇီဒန်းထံ ဆက်သွယ်မှု တချို့ ပြုလုပ်ထားကာ ဇီဒန်းက သူတို့အသင်းကို ကိုင်တွယ်ဖို့ စိတ်ဝင်စားလိမ့်မယ်လို့ ယုံကြည်နေကြကြောင်း သိရပါတယ်။

ပြင်သစ်လူမျိုး ထိပ်တန်းနည်းပြ ဇနက်ဒင်း ဇီဒန်းက ရီးရဲလ်မက်ဒရစ်နဲ့အတူ ချန်ပီယံလိဂ် ဆုဖလားကို ၃နှစ်ဆက်တိုက် ယူပြခဲ့တဲ့ ကမ္ဘာ့အဆင့် နည်းပြတဦး ဖြစ်ပြီး ဇီဒန်းက ပြင်သစ်အသင်းကို ကိုင်တွယ်ချင်တာကြောင့် ရီးရဲလ်မက်ဒရစ် ကနေ ထွက်ခွာခဲ့တာ ဖြစ်ပေမယ့် ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က လက်ရှိနည်းပြ ဒက်ချမ့်စ်ကို လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အထိ ဆက်ခန့်ခဲ့တာကြောင့် ကလပ်အသင်း တသင်းကို ကိုင်တွယ်ဖို့ စဉ်းစားနေသူပါ။