ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးက သူတို့အသင်းရဲ့ အားနည်းနေတဲ့ ညာနောက်ခံနေရာ အတွက် ပေါ်တူဂီ ထိပ်သီးကလပ် စပို့တင်း လစ္စဘွန်းရဲ့ ညာနောက်ခံလူ ပက်ဒရို ပေါ်ရိုကို ခေါ်ယူနိုင်တော့မယ်လို့ နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

စပါးက ညာနောက်ခံနေရာမှာ ဒိုဟာတီ ၊ အီမာဆန်နဲ့ ဒီဂျက် စပန့်စ် စတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားပေမယ့် စပါးနည်းပြ ကွန်တီက လူငယ်ကြယ်ပွင့် စပန့်စ်ရဲ့ ခြေစွမ်းကို မယုံရဲသေးသလို ဒိုဟာတီနဲ့ အီမာဆန်တို့ကလည်း သာမန်အဆင့်သာ ရှိတာကြောင့် ညာနောက်ခံနေရာ အတွက် ကစားသမားကောင်း တဦးကို ခေါ်ယူဖို့ ပစ်မှတ်ထား ကြိုးစားနေတာပါ။

Photo Credit: Team Talk

တဖက်မှာ အသက် ၂၃နှစ် အရွယ် စပိန်လက်ရွေးစင် ညာနောက်ခံလူ ပေါ်ရိုက ယခုနှစ် ဘောလုံးရာသီမှာ စပို့တင်းနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ ကစားသမား တဦး ဖြစ်ပြီး ပေါ်ရိုက စပို့တင်း အတွက် ပြိုင်ပွဲစုံမှာ ၂၅ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၁၁ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

ပက်ဒရို ပေါ်ရိုက အရည်အသွေးမြင့် ညာနောက်ခံလူ တဦး ဖြစ်သလို သူ့ရဲ့ လျင်မြန်မှု ၊ ပြေးအားနဲ့ တိုက်စစ်ကစားရာမှာ ကောင်းမွန်မှုတို့ကြောင့် လိုအပ်ရင် ညာတောင်ပံ ကစားသမား အဖြစ်ပါ အသုံးပြုလို့ ရပြီး သူ့ရဲ့ တိုးအားနဲ့ ရုန်းအားတွေကြောင့်ပဲ စပါးနည်းပြ ကွန်တီက ပေါ်ရိုကို မဖြစ်မနေ ခေါ်ယူပေးဖို့ စပါးဘုတ်အဖွဲ့ထံ တောင်းဆိုနေခဲ့တာပါ။

Photo Credit: Team Talk

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ စပါးရဲ့ တာဝန်ရှိသူတွေက ယမန်နေ့မှာပဲ စပို့တင်းရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ ပေါ်ရိုရဲ့ အပြောင်းအရွှေ့ အတွက် တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး ဆွေးနွေးမှုတွေက အပေါင်းလက္ခဏာ ဆောင်ခဲ့သလို ပေါ်ရိုကလည်း စပါးထံ ပြောင်းရွှေ့ဖို့ သဘောတူထားတာကြောင့် လာမယ့် ၄၈နာရီ အတွင်းမှာ စပါးဟာ ပေါ်ရိုကို ခေါ်ယူနိုင်တော့မယ်လို့ သိရပါတယ်။

စပါးက ပက်ဒရို ပေါ်ရိုအတွက် စပို့တင်း လစ္စဘွန်းထံ ကနဦး ပြောင်းရွှေ့ကြေး + အပိုဆုကြေး စုစုပေါင်း ယူရို ၄၅သန်း ဝန်းကျင် အထိ ပေးချေရမယ်လို့လည်း ပေါ်တူဂီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။