ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးက သူတို့အသင်းရဲ့ ယခု နွေရာသီ စတုတ္တမြောက် ခေါ်ယူမှု အဖြစ် အဲဗာတန်ကြယ်ပွင့် ရစ်ချာလီဆန်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ကြောင်း ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ကို ပွတ်ကာသီကာ ရရှိခဲ့တဲ့ စပါးက ယခု နွေဈေးကွက် အတွင်းမှာ ဝါရင့် တောင်ပံကစားသမား ပါရီဆစ် ၊ ဝါရင့် ဂိုးသမား ဖော်စတာနဲ့ ဗဟိုကွင်းလယ်လူ ဘစ်ဆူးမားတို့ကို ခေါ်ယူထားနိုင်သလို သူတို့အသင်းရဲ့ တိုက်စစ်ပိုင်းနဲ့ ညာနောက်ခံ နေရာတွေကို အားဖြည့်ဖို့ ဆက်လက် ကြိုးစားနေတဲ့ အသင်းပဲ ဖြစ်ပါတယ်။

Photo Credit: Goal

ကနဦးမှာ စပါးက လိဒ်ယူနိုက်တက်ရဲ့ တောင်ပံတိုက်စစ် ကစားသမား ရာဖင်ဟာကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် အာဆင်နယ် ၊ ချယ်လ်ဆီးနဲ့ ဘာစီလိုနာတို့ အားလုံးက ရာဖင်ဟာကို ခေါ်ယူဖို့ ကြိုးပမ်းလာချိန်မှာ ရာဖင်ဟာကို ခေါ်ယူဖို့ ကြိုးပမ်းနေမှု အားလုံးကို ရပ်ဆိုင်းကာ အဲဗာတန် တောင်ပံတိုက်စစ် ကစားသမား ရစ်ချာလီဆန်ကို ပြောင်းလဲ ခေါ်ယူဖို့ လုပ်ဆောင်ခဲ့ပါတယ်။

တဖက်မှာလည်း အသက် ၂၅နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ရစ်ချာလီဆန်က ယခု နွေဈေးကွက် အတွင်းမှာပဲ အဲဗာတန်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားသူ ဖြစ်ပြီး ယခုအချိန်မှာတာ့ စပါးက ရစ်ချာလီဆန်ကို ခေါ်ယူဖို့ အဲဗာတန်နဲ့ တရားဝင် တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ထားကာ နှစ်သင်းကြားမှာ သဘောတူညီမှု ရဖို့ နီးစပ်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနက ဖော်ပြထားပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကလည်း စပါးက ရစ်ချာလီဆန်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း ထပ်ဆင့် အတည်ပြုပေးထားသလို စပါးက ယနေ့မနက် အစောပိုင်းမှာပဲ ရစ်ချာလီဆန်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိသွားပြီး စပါးက ရစ်ချာလီဆန် အတွက် ပြောင်းရွှေ့ကြေး ပေါင်၆၀သန်းတန် ကမ်းလှမ်းမှု တရပ် ပြုလုပ်ထားကြောင်း ဆိုပါတယ်။