ပေါ်တူဂီ ထိပ်သီးကလပ် စပို့တင်း လစ္စဘွန်းက ပရီးမီးယားလိဂ် အင်အားကြီးကလပ်တွေ ဖြစ်ကြတဲ့ အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့ရဲ့ စိတ်ဝင်စားမှုကို ရရှိနေတဲ့ အသင်းရဲ့ အဓိက တိုက်စစ်မှူး ကရော့ကီယက်စ်ရဲ့ တန်ကြေးကို သတ်မှတ်လိုက်ကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ ဂေဇက်တာက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် ဆွီဒင်လက်ရွေးစင် တိုက်စစ်မှူး ကရော့ကီယက်စ်က ယခုနှစ် ဘောလုံးရာသီ အစကမှ ချန်ပီယံရှစ်ကလပ် ကိုဗင်ထရီ ကနေ စပို့တင်း လစ္စဘွန်းထံ ပြောင်းရွှေ့ကြေး ယူရို ၂၁သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး စပို့တင်း လစ္စဘွန်းက သူ့ကို ၂၀၂၈ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Euro Sports

ကရော့ကီယက်စ်က စပို့တင်း လစ္စဘွန်းဆီ ရောက်တာ တရာသီတောင် မပြည့်သေးပဲ အသင်းရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းပြ ကစားထားပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ စပို့တင်း လစ္စဘွန်း အတွက် ပြိုင်ပွဲစုံမှာ ၃၉ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃၆ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁၄ကြိမ် ရရှိထားပါတယ်။

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ပရီးမီးယားလိဂ် ထိပ်သီးကလပ်တွေ ဖြစ်ကြတဲ့ အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့က ကရော့ကီယက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ကရော့ကီယက်စ်ကလည်း သင့်တော်တဲ့ ကမ်းလှမ်းမှုသာ ရမယ် ဆိုရင် စပို့တင်း လစ္စဘွန်းကို စွန့်ခွာဖို့ စဉ်းစားထားပါတယ်။

Photo Credit: Team Talk

စပို့တင်း လစ္စဘွန်းနဲ့ ကရော့ကီယက်စ်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ယူရို ၁၀၀သန်း ရှိပေမယ့် နာမည်ကြီး အီတလီ သတင်းဌာန ဂေဇက်တာကတော့ စပို့တင်း လစ္စဘွန်းဟာ ကရော့ကီယက်စ်ကို လျှော့ဈေးနဲ့ ရောင်းချနိုင်တယ်လို့ ဆိုထားပါတယ်။

ဂေဇက်တာရဲ့ ဖော်ပြချက်အရ စပို့တင်း လစ္စဘွန်းက ကရော့ကီယက်စ်ကို စာချုပ်ဖျက်သိမ်းကြေး ယူရို ၁၀၀သန်း ရမှ ရောင်းချမှာ မဟုတ်ပဲ ယူရို ၁၀၀သန်းရဲ့ တဝက်ဈေး ဖြစ်တဲ့ ယူရို ၅၀သန်း ဝန်းကျင် ရရှိရုံနဲ့ ကရော့ကီယက်စ်ကို ရောင်းထုတ်သွားမယ်လို့ သိရှိရပါတယ်။