၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်ရဲ့ နည်းပြချုပ် ဖြစ်သူ ဆောက်ဂိတ်က လာမယ့် ရက်ပိုင်းအတွင်းမှာ ကစားရတော့မယ့် ကွာတားဖိုင်နယ် ပွဲစဉ်မှာ လက်ရှိ ကမ္ဘာ့ချန်ပီယံ ပြင်သစ်ကို အနိုင်ကန်ကာ သမိုင်းသစ် ရေးကြဖို့ အသင်းသားတွေကို တိုက်တွန်းသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စတုတ္ထနေရာ ရခဲ့တဲ့ အင်္ဂလန်က ၁၆သင်း ရှုံးထွက်အဆင့်မှာ အာဖရိက ချန်ပီယံ ဆီနီဂေါကို ၃-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီးနောက် ပိုလန်ကို ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ ကွာတားဖိုင်နယ်ဆီ တက်လာတဲ့ ကမ္ဘာ့ချန်ပီယံ ပြင်သစ်နဲ့ ထိပ်တိုက် ရင်ဆိုင်ရတော့မှာပါ။

Photo Credit: Sky Sports

ပြင်သစ်က ၂၀၁၈ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ချန်ပီယံအသင်း ဖြစ်သလို ယခုနှစ် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အကောင်းဆုံး ခြေစွမ်းတွေကို ရထားတာကြောင့် အင်္ဂလန်အတွက် ပြင်သစ်နဲ့ ရင်ဆိုင် ကစားရမယ့် ကွာတားဖိုင်နယ်ပွဲဟာ အတော်လေးကို ရုန်းကန်ရနိုင်တဲ့ ပွဲစဉ်ပါ။

ဒါကြောင့်ပဲ ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက အင်္ဂလန်နဲ့ ပြင်သစ်တို့ တွေ့ဆုံတဲ့ ပွဲစဉ်မှာ ပြင်သစ်ကပဲ နောက်တဆင့်ဆီ တက်လှမ်းသွားလိမ့်မယ်လို့ သုံးသပ်နေကြပြီး အင်္ဂလန်နည်းပြချုပ် ဆောက်ဂိတ်ကတော့ သူတို့အသင်းဟာ အသင်းကြီးတွေနဲ့ တွေ့တိုင်း ရလဒ်မကောင်းတဲ့ အစဉ်အလာကို ပြင်သစ်နဲ့ ပွဲစဉ်မှာ ချိုးဖျက်ဖို့ လိုအပ်ကြောင်း အသင်းသားတွေကို ဆော်ဩသွားခဲ့ပါတယ်။

Photo Credit: Sky Sports

ဆောက်ဂိတ်က – “ကျွန်တော်တို့က ပြီးခဲ့တဲ့ ၄နှစ် ၊ ၅နှစ် အတွင်းမှာ စွမ်းရည်ကောင်း တချို့နဲ့အတူ သမိုင်းသစ်တွေကို ရေးထိုးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ရလဒ်တွေက အရမ်း ကောင်းတာမျိုးတော့ မဟုတ်သေးပါဘူး။ ဒီတကြိမ် ပြင်သစ်နဲ့ တွေ့မယ့်ပွဲက ကျွန်တော်တို့ အတွက် ကြီးမားတဲ့ စိန်ခေါ်မှု တရပ် ဖြစ်လာပါလိမ့်မယ်။ ခင်ဗျားက ကျွန်တော်တို့ရဲ့ ကမ္ဘာ့ဖလားသမိုင်းကို ကြည့်လိုက်ရင် ကျွန်တော်တို့ဟာ အသင်းကြီးတွေနဲ့ တွေ့တိုင်း ပြိုင်ပွဲကနေ ထွက်ခဲ့ရတာကို မြင်ရပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ အသင်းကြီးတွေနဲ့ ထိပ်တိုက် တွေ့ဆုံမှု ရလဒ်တွေဟာ မကောင်းပါဘူး။ ဒါကြောင့် ကျွန်တော်တို့ အသင်းအတွက် လာမယ့်ပွဲတွေက စိန်ခေါ်မှုတွေချည်းပဲ ဖြစ်နေပါလိမ့်မယ်။ ကျွန်တော်တို့က ဆီနီဂေါနဲ့ပွဲမှာ ပြိုင်ဘက်ကို တပွဲလုံး ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့က ဘောလုံးရတဲ့ အချိန်မှာရော ၊ ဘောလုံးမရှိတဲ့ အချိန်မှာပါ ပြိုင်ဘက်ကို ဖိအားပေး ကစားခဲ့တာပါ။ အဲ့ဒီလို စွမ်းဆောင်ရည်မျိုးကို ကျွန်တော်တို့က ထပ်ပြီး လိုအပ်ပါတယ်။ ကျွန်တော်တို့က ကမ္ဘာ့ချန်ပီယံနဲ့ တွေ့မယ့်ပွဲမှာ သမိုင်းသစ် ရေးထိုးတာကို (အနိုင်ရတာကို) မြင်ချင်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။