အင်္ဂလန်လက်ရွေးစင် အသင်းရဲ့ နည်းပြချုပ် ဖြစ်သူ ဂါရတ် ဆောက်ဂိတ်ကတော့ သူတို့အသင်းရဲ့ အဓိက ဗဟိုခံစစ်မှူး တဦး ဖြစ်သူ ဟယ်ရီ မက်ဂွိုင်းယားကို မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြ အဲရစ် တန်ဟက်ဂ်အနေနဲ့ ပွဲထွက် လူစာရင်းမှာ ပြန်လည် အသုံးပြုပေးဖို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ တောင်းဆိုသွားခဲ့ပါတယ်။

အသက် ၂၉နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ဗဟိုခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယားက မန်ချက်စတာ ယူနိုက်တက်မှာ အသင်းခေါင်းဆောင် ရာထူးကို သိမ်းပိုက် ရယူထားနိုင်ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရပြီး မန်ချက်စတာ ယူနိုက်တက် အတွက် နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ပွဲဆက်တိုက် ပွဲထွက်ခွင့် မရထားပါဘူး။

Photo Credit: Flipboard

မက်ဂွိုင်းယားက မန်ချက်စတာ ယူနိုက်တက်နဲ့အတူ ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရပေမယ့် အင်္ဂလန်နည်းပြချုပ် ​ဆောက်ဂိတ်ကတော့ မက်ဂွိုင်းယားရဲ့ ခြေစွမ်းကို ယုံကြည်နေဆဲ ဖြစ်ပြီး အင်္ဂလန်ရဲ့ နောက်ဆုံးပွဲစဉ် ၂ပွဲစလုံးမှာ ပွဲချိန်ပြည့် ကစားခွင့်တွေတောင် ပေးအပ်ခဲ့ပါတယ်။

ဒါပေမယ့် ကလပ်အသင်းမှာ ပုံမှန် ပွဲထွက်ခွင့် မရထားတာကြောင့် မက်ဂွိုင်းယားဟာ အင်္ဂလန် အတွက် ပွဲထွက် ကစားရချိန်မှာ ခြေစွမ်းကောင်းတွေ ပြသဖို့ ရုန်းကန်ခဲ့ရပြီး ဆောက်ဂိတ်ကတော့ မက်ဂွိုင်းယားရဲ့ ခြေစွမ်းကောင်းတွေကို ပြန်မြင်ချင်ရင် တန်ဟက်ဂ်အနေနဲ့ မက်ဂွိုင်းယားအပေါ် စိတ်ရှည်ပေးဖို့ လိုအပ်သလို ပွဲထွက်ခွင့်တွေလည်း ပေးအပ်သင့်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Flipboard

ဆောက်ဂိတ်က – “လူတိုင်းက မက်ဂွိုင်းယားဟာ ကျွန်တော့်အတွက် အရေးပါတဲ့ ကစားသမားလို့ ပြောနေကြပါတယ်။ ဒါတွေကို ဒီမှာပဲ ကျွန်တော် ရှင်းလင်းချင်ပါတယ်။ မက်ဂွိုင်းယားက ကျွန်တော်တို့ အားလုံးအတွက် အရေးပါတဲ့ ကစားသမားပါ။ ကျွန်တော့်အတွက် အရေးပါတဲ့ ကစားသမား မဟုတ်ပါဘူး။ အားလုံးအတွက် အရေးပါတဲ့လူပါ။ လူတွေက ဘာကြောင့် ကျွန်တော်တို့ဟာ မက်ဂွိုင်းယားကို ရွေးလဲ ဆိုပြီးတော့ မေးခွန်းထုတ်နေကြပါတယ်။ မက်ဂွိုင်းယားကို ဘာကြောင့် ရွေးရသလဲ ဆိုရင် သူက ကျွန်တော်တို့ အတွက် နိုင်ပွဲတွေ ယူဆောင်လာပေးနိုင်လို့ပါ။ ဒါကြောင့် ကျွန်တော်တို့ အားလုံးက (အင်္ဂလန်နည်းပြ အဖွဲ့ဝင်တွေ) မက်ဂွိုင်းယား တယောက် ပုံမှန် ကစားခွင့် ရနေတာကိုပဲ မြင်ချင်ပါတယ်။ (ကလပ်အသင်းမှာ ပုံမှန် ကစားခွင့် ရတာကို ရည်ရွယ်လျက်) ဒါမှလည်း ကျွန်တော်တို့က မက်ဂွိုင်းယားဆီမှာ ယုံကြည်မှုတွေ ပြန်ရှိလာတာကို မြင်တွေ့ရမှာပါ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ယခုတပတ်မှာတော့ မန်ချက်စတာဒါဘီ အဖြစ် မန်ချက်စတာ စီးတီးကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရဖို့ ရှိနေပြီး ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်ကတော့ အထိုင်ကျပြီးသား ခံစစ်အတွဲ ဖြစ်တဲ့ ဗာရန်းနဲ့ မာတီနက်ဇ်တို့ရဲ့ အတွဲကို ဖျက်ကာ မက်ဂွိုင်းယားကို နေရာပေးဖွယ် မရှိပါဘူး။