အင်္ဂလန် လက်ရွေးစင်အသင်းရဲ့ နည်းပြဖြစ်သူ ဂါရတ် ဆောက်ဂိတ်ကတော့ ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အင်္ဂလန် လက်ရွေးစင် ဗဟိုနောက်ခံလူ မက်ဂွိုင်းယားဟာ မန်ယူရဲ့ အကောင်းဆုံး ဗဟိုခံစစ်မှူး ဖြစ်ကြောင်း ပြောကြားရင်း မက်ဂွိုင်းယားကို ကာကွယ်ပေးသွားခဲ့ပါတယ်။

အသက် ၂၉နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယားဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူထားသူ ဖြစ်ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ ခြေစွမ်းပိုင်း အတော်လေးကို ဆိုးရွားနေခဲ့ပြီး သူ ပါဝင် ကစားတဲ့ ပွဲစဉ်တိုင်းနီးပါးမှာ အမှားအယွင်းတွေလည်း ကျူးလွန်မိခဲ့ပါတယ်။

Photo Credit: Metro

ဒါကြောင့်ပဲ မက်ဂွိုင်းယားက မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် ရာထူးနဲ့ မထိုက်တန်တဲ့ ကစားသမား တဦး ဖြစ်သလို မန်ချက်စတာ ယူနိုက်တက်အနေနဲ့ သူ့ရဲ့နေရာကို အစားဝင်နိုင်မယ့် ဗဟိုခံစစ်မှူး တဦးကို လာမယ့် နွေအပြောင်းအရွှေ့မှာ ရှာဖွေကာ ခေါ်ယူသင့်ကြောင်း တိုက်တွန်းမှုတွေ အလျိုလျို ထွက်ပေါ်နေပါတယ်။

ဒါပေမယ့် အင်္ဂလန် လက်ရွေးစင်အသင်းရဲ့ နည်းပြဖြစ်သူ ဆောက်ဂိတ်ကတော့ သူ့ရဲ့ ခံစစ်မှူး မက်ဂွိုင်းယားကို ကာကွယ်မှုတွေ ပေးသွားခဲ့ပြီး မက်ဂွိုင်းယားက မန်ချက်စတာ ယူနိုက်တက်ရဲ့ အကောင်းဆုံး ခံစစ်မှူး ဖြစ်နေသလို နည်းပြသစ် တန်ဟက်ဂ်ရဲ့ လက်အောက်မှာ မက်ဂွိုင်းယားရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို ပြန်လည် မြင်တွေ့ရမယ်လို့ ယုံကြည်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Metro

ဆောက်ဂိတ်က – “မန်ချက်စတာ ယူနိုက်တက်မှာ ရှိနေတဲ့ လူတိုင်းက ကြီးမားတဲ့ အပြောင်းအလဲနဲ့ ရင်ဆိုင်နေရပြီး ဒီအပြောင်းအလဲက လူတိုင်းအပေါ် သက်ရောက်မှု ရှိပါလိမ့်မယ်။ ကျွန်တော့်အတွက် မက်ဂွိုင်းယားက မန်ချက်စတာ ယူနိုက်တက်ရဲ့ အကောင်းဆုံး ခံစစ်မှူး အဖြစ် ရှိနေဆဲပါ။ ပြီးတော့ နည်းပြသစ် တန်ဟက်ဂ်က မက်ဂွိုင်းယား ကစားခဲ့တဲ့ ပွဲစဉ်တွေကို ပြန်ကြည့်ပြီး မက်ဂွိုင်းယားကို ဦးစားပေး ကစားသမား အဖြစ် သတ်မှတ်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်” ဆိုပြီး ပြောကြားထားတာပါ။