အာဖရိက ကိုယ်စားပြု မော်ရိုကိုအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အံံမခန်း စွမ်းဆောင်မှုတွေနဲ့ စတုတ္ထနေရာအထိပါ ရယူနိုင်ခဲ့ပါတယ်။ မော်ရိုကိုဟာ ဥရောပထိပ်သီး အသင်းတွေဖြစ်တဲ့ စပိန် ပေါ်တူဂီတို့ကိုပါ ကျော်ဖြတ်ပြီး ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ထိ တက်လှမ်းခဲ့ပြီးမှ ဆီမီးမှာ ပြင်သစ်ကို ရှုံးနိမ့်ရင်း တတိယလုပွဲမှာပါ ခရိုအေးရှားကို ထပ်မံ အရေးနိမ့်ခဲ့ရပါတယ်။

တကယ်တော့ မော်ရိုကို ဘယ်လ်ဂျီယံ ခရိုအေးရှား ကနေဒါဆိုတဲ့ သိပ်မချောင်လှသော အုပ်စုမှာတောင် အုပ်စုဗိုလ်နေရာအထိ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သလို ဘယ်လ်ဂျီယံလို အသင်းမျိုးကိုလည်း (၂)ဂိုးပြတ်နဲ့ အနိုင်ယူခဲ့ပါသေးတယ်။

Photo Credit : Sky Sports

ဘောလုံးပရိသတ်တိုင်းက ပြီးခဲ့တဲ့ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲကြီးဟာ GOAT (၂)ဦးလုံးရဲ့ နောက်ဆုံးသော ကမ္ဘာ့ဖလား ဖြစ်နိုင်လို့ ဖိုင်နယ်မှာပါ ဒီနှစ်ဦးကို ဆုံတွေ့ချင်ခဲ့ပေမယ့် GOAT တစ်ဦးဖြစ်တဲ့ ရော်နယ်လ်ဒိုရဲ့ ကမ္ဘာ့ဖလား အိမ်မက်တွေကိုတော့ မော်ရိုကိုအသင်းက ရိုက်ချိုးသွားခဲ့ပါတယ်။

ပေါ်တူဂီ နဲ့ မော်ရိုကိုတို့ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်မှာ ထိပ်တိုက် တွေ့ဆုံခဲ့တာဖြစ်ပြီး မော်ရိုကိုက တိုက်စစ်မှူး အန်နက်ဆီရီရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ပဲ ပေါ်တူဂီ နဲ့ ရော်နယ်လ်ဒိုတို့ရဲ့ ကမ္ဘာ့ဖလား အိမ်မက်တွေကို အဆုံးသတ်သွားစေခဲ့ပါတယ်။

Photo Credit : SPORTbible

ဒီလို စွမ်းဆောင်မှုကောင်းတွေ ပိုင်ဆိုင်ထားတဲ့ မော်ရိုကိုဟာ အာဖရိကအသင်းတွေသာ ယှဉ်ပြိုင်ရတဲ့ အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲမှာတော့ ရှုံးထွက် (၁၆)သင်းအဆင့်လေးနဲ့သာ ကျေနပ်လိုက်ရပြီး (၁၆)သင်းအဆင့်မှာလည်း တောင်အာဖရိကအသင်းကို (၂)ဂိုးပြတ်နဲ့တင် အပြတ်အသတ် ရှုံးနိမ့်ခဲ့ရပါတယ်။

တောင်အာဖရိကအသင်းက မော်ရိုကိုလောက် ကစားသမားအင်အား တောင့်တင်းခြင်း မရှိပေမယ့်လည်း မော်ရိုကိုအသင်းကို တစ်ဂိုးမှတောင် ပြန်မပေးရတဲ့အပြင် မိုကိုးနားရဲ့ အမိုက်စား ဖရီးကစ် ကန်သွင်းချက်နဲ့ပါ ပွဲသိမ်းသွားနိုင်ခဲ့ပါတယ်။ ဒီပွဲသိမ်းဂိုး သွင်းယူအပြီးမှာတော့ သွင်းဂိုးရှင် မိုကိုးနားနဲ့ အသင်းဖော်တွေက ရော်နယ်လ်ဒိုရဲ့ အောင်ပွဲခံတဲ့ ပုံစံမျိုးနဲ့ အောင်ပွဲခံခဲ့ပြီး မော်ရိုကိုအသင်းကို ရော်နယ်လ်ဒို ကလဲ့စားချေပေးခဲ့ကြပါတယ်။