တောင်ကိုရီးယားနဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတို့ရဲ့ တိုက်စစ်ကစားသမား ဆွန်ဟောင်မင်ဟာ လက်ရှိမှာ သူရဲ့အမိမြေ ကိုရီးယားနိုင်ငံကို ပြန်လည်ရောက်ရှိနေပြီး နိုင်ငံတကာပွဲစဉ်တွေ ယှဉ်ပြိုင်ကစားနေစဉ်အတွင်း ဆွန်ရဲ့ဖခင်ဖြစ်သူက သူရဲ့သားအနေနဲ့ ကမ္ဘာ့အဆင့် ကစားသမား ဖြစ်လာနိုင်ဖို့ ထိပ်တန်းအသင်းကြီး တစ်သင်းမှာ ပါဝင်ကစားရလိမ့်မယ်လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

PFA Team of the Year: Fans slam 'criminal' omission of Tottenham star Son  Heung-min | Daily Mail Online

Photo Credit : Daily Mail

အသက်(၂၉)နှစ်အရွယ် တောင်ကိုရီးယား လက်ရွေးစင် တိုက်စစ်ကစားသမား ဆွန်ဟောင်မင်ဟာ ၂၀၁၅ခုနှစ်ကတည်းက လေဗာကူဆင်ကနေ စပါးအသင်းဆီကို ရောက်ရှိလာခဲ့ပြီး အသင်းနဲ့ (၇)ရာသီအထိ ဖြတ်သန်းပြီးနောက်မှာ အသင်းအတွက် (၁၃၁)ဂိုးတောင် သွင်းယူနိုင်ခဲ့သလို အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုပါ (၃)ရာသီအထိ ရယူနိုင်ခဲ့ပေမယ့် အသင်းနဲ့ ဆုဖလား အောင်မြင်မှုကတော့ အလှမ်းဝေးနေဆဲသာ ဖြစ်နေရပါတယ်။ ဒါ့အပြင် ဆွန်ဟာ ဒီရာသီမှာလည်း လီဗာပူးလ် တိုက်စစ်ကစားသမား မိုဆာလာနဲ့အတူ ပရီးမီးယားလိဂ်ရဲ့ ရွှေဖိနပ်ဆုကို ပူးတွဲပိုင်ဆိုင်နိုင်ခဲ့ပေမယ့်လည်း အခုအချိန်ထိ ကလပ်အသင်းနဲ့ ဆုဖလားတွေ မရနိုင်သေးသလို world class ကစားသမား ဖြစ်လာဖို့ပါ ရုန်းကန်နေရပါတယ်။

Son Heung-min's dad tells Tottenham star he needs "top club" to become  "world class" - Mirror Online

Photo Credit : The Mirror

ဆွန်ဟောင်မင်ရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ဆွန်ရဲ့ဖခင်က “သူက ပိုကြိုးစားပြီး ပိုတိုးတတ်အောင် လုပ်ရမယ်။ သူအခု အောင်မြင်နေတာတွေအပေါ် ကျေနပ်နေမယ်ဆိုရင် အကျပ်အတည်းက လမ်းစပါ ပေါ်လာလိမ့်မယ်။ အကောင်းဆုံးပုံစံမှာ ဆက်ရှိနေဖို့ အမြဲတမ်း ပိုကောင်းအောင် ကြိုးစားနေရမယ်။ အဲ့ဒီလို မထင်မိဘူးလား။ သူအခု ရှိနေတဲ့နေရာမှာ ပျော်နေမယ့်အစား သူ့ကို ကျွန်တော် ရာနှုန်းပြည့် ပိုကောင်းမွန်နေတာမျိုး အမြဲတမ်း ဖြစ်စေချင်တယ်။ သူက ကမ္ဘာ့ထိပ်တန်း ကလပ်အသင်းကြီးတွေရဲ့ တစ်သင်းသင်းဆီမှာ တကယ့်ကို အရေးကြီးတဲ့နေရာကနေ ပါဝင်ကစားနိုင်တဲ့သူ ဖြစ်နေရပါမယ်။ အဲ့ဒီအချိန်မှာမှ သူက ကမ္ဘာ့အဆင့် ကစားသမားတစ်ယောက် ဖြစ်လာရပါလိမ့်မယ်” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။ ဆွန်ဟာ ဒီရာသီမှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသထားနိုင်ခဲ့ပြီး အသင်းကိုလည်း အဆင့်(၄)နေရာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် ကူညီနိုင်ခဲ့သလို ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ပထမဆုံးအကြိမ် ရယူနိုင်ခဲ့တဲ့ အာရှကစားသမားတစ်ဦးပါ ဖြစ်လာခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်ကမှ အသင်းနဲ့ သက်တမ်းတိုးထားတဲ့ ဆွန်ဟာ စပါးအသင်းမှာ ၂၀၂၅ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေဦးမှာလည်း ဖြစ်ပါတယ်။