မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်း နဲ့ နည်းပြဟောင်းဖြစ်သူ အိုလေ ဂန်နာ ဆိုးလ်ရှားက နည်းပြနယ်ပယ်ထဲ ပြန်လည် အခြေချနိုင်မယ့် အခွင့်အရေးတစ်ခု ရရှိခဲ့ပေမယ့်လည်း ဒီအခွင့်အရေးကို လက်မခံခဲ့ပဲ ငြင်းဆန်သွားခဲ့ပါတယ်။
ဆိုးလ်ရှားကို နော်ဝေ ဘောလုံးအဖွဲ့ချုပ်ကနေ နော်ဝေ အမျိုးသမီး ဘောလုံးအသင်းကို နည်းပြပေးဖို့ ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာရာ ဆိုးလ်ရှားကတော့ ဒီကမ်းလှမ်းမှုကို လက်မခံခဲ့ပဲ ပယ်ချသွားခဲ့ပါတယ်။
Photo Credit : Sky Sports
လက်ရှိမှာ အသက် (၅၀)အရွယ် ရှိနေပြီဖြစ်တဲ့ နော်ဝေသားကြီး ဆိုးလ်ရှားဟာ လွန်ခဲ့တဲ့ ၂၀၁၈ခုနှစ် ဒီဇင်ဘာလကနေ စတင်ပြီး ယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြအဖြစ် ဆောင်ရွက်ခဲ့ရာကနေ အမြဲတမ်းနည်းပြ ဖြစ်လာခဲ့ရပေမယ့်လည်း ၂၀၂၁ခုနှစ် နိုဝင်ဘာလမှာတော့ နည်းပြရာထူးကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။
အဲ့ဒီအချိန်ကနေ စတင်ပြီး လက်ရှိအချိန်ထိ ကလပ်အသင်း လက်မဲ့ဖြစ်နေတဲ့ ဆိုးလ်ရှားဟာ ဘန်လေ လက်စတာ အဲဗာတန်တို့လို အသင်းတွေနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း နည်းပြနယ်ပယ်ထဲ ပြန်မဝင်ဖြစ်သေးပဲ ဘောလုံးလောကနဲ့ အဆက်အသွယ် ကင်းနေရပါတယ်။
Photo Credit : Eurosport
“လက်ရွေးစင်အသင်း နည်းပြရာထူးနဲ့ ပတ်သက်ပြီး ကျွန်တော် အဖွဲ့ချုပ်နဲ့ စကားပြောဆိုထားရတယ်ဆိုတာ ဟုတ်ပါတယ်။ သူတို့ကလည်း မေးတယ်။ ဒီရာထူးကို လက်ခံနိုင်မလားဆိုပြီး။ ဒါပေမယ့် အဲ့ဒီရာထူးအတွက် ကျွန်တော် အဆင်သင့် မဖြစ်သေးပါဘူး။” လို့ ဆိုးလ်ရှားက နော်ဝေမီဒီယာ NRK မှာ ဖြေဆိုထားခဲ့ပါသေးတယ်။
ဆိုးလ်ရှားဟာ နည်းပြပုံရိပ် မကြီးမားတဲ့ အတွေ့အကြုံနု နည်းပြတစ်ဦး ဆိုပေမယ့်လည်း မန်ယူနိုက်တက် နည်းပြအဖြစ် ဆောင်ရွက်ခဲ့စဉ်တုန်းက ပရီးမီးယားလိဂ်မှာ အဆင့် (၂)နေရာအထိ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ယူရိုပါလိဂ်မှာလည်း ဖိုင်နယ်အဆင့်ထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။