ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၃-၀ ခရစ္စတယ် ပဲလေ့စ် ပွဲစဉ်မှာ ဘယ်နောက်ခံလူ အဖြစ် ကစားသွားခဲ့တဲ့ ယူနိုက်တက် ကွင်းလယ်လူ အမ်မရာဘက်က သူဟာ အသင်းအတွက် ဆိုရင် ဘယ်နေရာမှာမဆို ကစားပေးဖို့ အဆင်သင့် ရှိသလို လိုအပ်ရင် ဂိုးသမား အဖြစ်ပါ ကစားနိုင်ကြောင်း ပွဲပြီးအင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၆နှစ် အရွယ် မော်ရိုကို လက်ရွေးစင် ကွင်းလယ်လူ အမ်မရာဘက်က ပြီးခဲ့တဲ့ နွေဈေးကွက် ပိတ်ခါနီးမှာမှ ဖီအိုရင်တီးနား ကနေ မန်ချက်စတာ ယူနိုက်တက်ထံ တရာသီအငှား + ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့်နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူ့ရဲ့ ယူနိုက်တက် ကစားသမား ဘဝ ပွဲဦးထွက် အဖြစ် ပြီးခဲ့တဲ့ စနေနေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘန်လေ ၀-၁ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ ပါဝင် ကစားခွင့် ရခဲ့ပါတယ်။

Photo Credit: Goal

ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၃-၀ ခရစ္စတယ် ပဲလေ့စ် ပွဲစဉ်မှာတော့ အမ်မရာဘက်က ယူနိုက်တက် ကစားသမား ဘဝ ပထမဦးဆုံးအကြိမ် အဖြစ် ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့် ရခဲ့ပေမယ့် သူက ကွင်းလယ်အစား ဒဏ်ရာရ ကစားသမား များပြားနေတဲ့ ဘယ်နောက်ခံနေရာမှာ ကစားခဲ့ရပါတယ်။

ဘယ်နောက်ခံလူ အဖြစ် ကစားခဲ့ရပေမယ့် အမ်မရာဘက်က လိုအပ်ရင် ကွင်းလယ်နဲ့ တိုက်စစ် အထိ လိုက်ပါ ကစားပေးခဲ့သလို သူ့ရဲ့ ဘောလုံးပေးပို့နိုင်စွမ်း ၊ ဖျက်ထုတ်နိုင်စွမ်း ၊ လုပ်အားနှုန်းတွေနဲ့ အသင်းဖော် ကတ်စ်မဲရိုး တယောက် တိုက်စစ်ကို စိတ်ကြိုက် လိုက်ပါခွင့် ရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

Photo Credit: Squawka

မန်ချက်စတာ ယူနိုက်တက် ၃-၀ ခရစ္စတယ် ပဲလေ့စ် ပွဲအပြီးမှာတော့ သတင်းထောက်တွေက ဘယ်နောက်ခံနေရာမှာ ကစားခဲ့တာနဲ့ ပတ်သတ်ပြီး အမ်မရာဘက်ကို မေးခွန်းတချို့ မေးမြန်းခဲ့ကာ အမ်မရာဘက်ကတော့ သူဟာ အသင်းအတွက်ဆိုရင် ဘယ်နေရာမှာမဆို ကစားပေးနိုင်ကြောင်း ပြန်လည် ဖြေကြားသွားခဲ့ပါတယ်။

အမ်မရာဘက်က – “မန်ချက်စတာ ယူနိုက်တက် အတွက် ကစားခွင့် ရဖို့က ကျွန်တော် ကလေးဘဝအရွယ်ထဲက မက်ခဲ့ရတဲ့ အိမ်မက် တခုပါ။ ကျွန်တော်က အသင်းကို ကူညီနိုင်မယ် ဆိုရင် ဘယ်နေရာမှာမဆို ကစားပါမယ်။ ဂိုးသမား လုပ်ရမယ် ဆိုရင်တောင် လုပ်ပေးပါမယ်။ ကျွန်တော်က ယူနိုက်တက်ရဲ့ တံဆိပ်အတွက် ကစားပေးနေတာပါ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။