ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ရဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်သူ စမစ်ရိုဝီက ဒူးဒဏ်ရာ တခု ရထားပြီး အဆိုပါ ဒူးဒဏ်ရာကြောင့် ကာလရှည် အနားယူရဦးမယ်လို့ အာဆင်နယ်နည်းပြချုပ် အာတီတာက အတည်ပြု ပြောဆိုသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် အင်္ဂလန် ကွင်းလယ်တိုက်စစ် ကစားသမား စမစ်ရိုဝီက အာဆင်နယ်ရဲ့ ဟေးလ်အန်း အကယ်ဒမီထွက် ကစားသမား တဦး ဖြစ်ပြီး သူက ၂၀၁၈ခုနှစ်မှ စတင်ကာ အာဆင်နယ် အတွက် ပါဝင်ကစားပေးနေသူပါ။ စမစ်ရိုဝီက ၅နှစ်တာ ကာလအတွင်းမှာ အာဆင်နယ် အတွက် ပြိုင်ပွဲစုံ ၁၀၄ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၈ဂိုး သွင်းယူပေးထားသလို ဂိုးဖန်တီးမှု ၁၂ကြိမ် ရရှိထားပါတယ်။

Photo Credit: Football London

စမစ်ရိုဝီက ဖန်တီးနိုင်စွမ်း မြင့်မားတဲ့ ကွင်းလယ်လူ တဦး ဖြစ်သလို လိုအပ်ရင် အဝေးကန်ချက်တွေနဲ့ သွင်းဂိုးတွေ သွင်းယူနိုင်စွမ်း ရှိပြီး သူဟာ ကွင်းလယ်တိုက်စစ်နေရာ အပြင် နောက်ချန်တိုက်စစ် ၊ ဗဟိုကွင်းလယ်နဲ့ တောင်ပံနှစ်ဖက်မှာပါ ကစားနိုင်စွမ်း ရှိပါတယ်။

သူ့ရဲ့ နေရာစုံမှာ ဆော့ကစားနိုင်စွမ်းကြောင့်ပဲ အာဆင်နယ်နည်းပြ အဆက်ဆက်က စမစ်ရိုဝီကို အားထားရတဲ့ ကစားသမား အဖြစ် သတ်မှတ်ခဲ့ကြပေမယ့် ကံမကောင်းစွာနဲ့ပဲ စမစ်ရိုဝီဟာ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

Photo Credit: Football London

စမစ်ရိုဝီက ၂၀၂၀ခုနှစ်မှာ ပခုံးဒဏ်ရာကြောင့် ၁လခွဲ အနားယူခဲ့ရသလို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း ပေါင်ခြံဒဏ်ရာကြောင့် ၂လကျော်ကြာ အနားယူခဲ့ရပါသေးတယ်။ ယနေ့မနက်ပိုင်းမှာတော့ အာဆင်နယ်နည်းပြချုပ် အာတီတာက စမစ်ရိုဝီဟာ ဒူးဒဏ်ရာ အသစ် ထပ်ရခဲ့တာကြောင့် ကာလရှည် အနားယူရဦးမယ်လို့ ထုတ်ဖော် ပြောဆိုလာပါတယ်။

အာတီတာက – “စမစ်ရိုဝီဟာ ဒူးဒဏ်ရာ တခုကြောင့် အချိန်အတော်ကြာအောင် အနားယူရပါတော့မယ်။ ဒီနေ့ပွဲရဲ့ ရလဒ်ပိုင်း အတွက် ကျွန်တော့်မှာ အပြည့်အဝ တာဝန်ရှိပါတယ်” လို့ ဝက်စ်ဟမ်း ၃-၁ အာဆင်နယ် ပွဲစဉ်အပြီးမှာ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။