မနေ့ညက ချန်ပီယံရှစ်ကလပ် ပလိုင်းမောက်အသင်းနဲ့ ပရီးမီးယားလိဂ်ကလပ် လီဗာပူးလ်အသင်းတို့ အက်ဖ်အေဖလားပြိုင်ပွဲ စတုတ္ထအဆင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့ရာ အိမ်ရှင် ပလိုင်းမောက်က ဒုတိယပိုင်းမှာ ရရှိခဲ့တဲ့ ပင်နယ်တီ ကန်သွင်းမှုကနေ ဂိုးရရှိခဲ့ပြီး အဲ့ဒီဂိုးနဲ့ပဲ လီဗာပူးလ်ကို အနိုင်ယူ ကျော်ဖြတ်သွားခဲ့ပါတယ်။

ပလိုင်းမောက်ဟာ ချန်ပီယံရှစ်ပြိုင်ပွဲမှာတောင် အမှတ်ပေးဇယားရဲ့ အောက်ခြေကို ရောက်ရှိနေရတဲ့ အသင်းတစ်သင်းဖြစ်ပြီး အခြေအနေ အတော်လေး ဆိုးရွှားနေရပေမယ့် လီဗာပူးလ်ကတော့ ပြိုင်ပွဲစုံမှာ ဆုဖလား စိန်ခေါ်နိုင်တဲ့ အနေအထားမျိုး ရှိနေရပြီး ဒီပွဲမတိုင်ခင်မှာလည်း စပါးကို (၄)ဂိုးပြတ်နဲ့ အနိုင်ယူရင်း လိဂ်ဖလား ဖိုင်နယ်ဆီပါ တက်လှမ်းထားနိုင်ခဲ့ပါတယ်။

Photo Credit : Evening Standard

ဒီပွဲမှာ လီဗာပူးလ်ဘက်က ဆာလာ ဗန်ဒိုက် အာနိုး ဂက်ပို အယ်လစ္စတာတို့လို ကစားသမားတွေကို အနားပေးသွားခဲ့ပြီး အရန်ကစားသမားတွေနဲ့ လူငယ်ကစားသမားတွေကို မျှအသုံးပြုသွားခဲ့ပါတယ်။ ပွဲချိန် မိနစ်(၁၀၀)အထိ ကစားခဲ့ရတဲ့ ပွဲစဉ်မှာ အိမ်ရှင်အသင်းရဲ့ ကျားခုတ်ကျားခဲ ကစားသွားမှုကြောင့် လီဗာပူးလ်တို့ ဂိုးတောင် ပြန်မသွင်းနိုင်ခဲ့ဘဲ ရှုံးနိမ့်သွားခဲ့ရပါတယ်။

ဒီရှုံးနိမ့်မှုကြောင့် ဆလော့ရဲ့ လီဗာပူးလ်အသင်းဟာ ဖလားတစ်လုံးကို လက်လွတ်လိုက်ရပြီဖြစ်ပြီး အခုလို ချန်ပီယံရှစ်မှာတောင် တိုင်ပတ်နေတဲ့ အသင်းတစ်သင်းကို ရှုံးနိမ့်ရတာက လီဗာပူးလ်အတွက် ပိုပြီးတော့ ခံရခက်စေရပါတယ်။ ပွဲအပြီးမှာ ဆလော့က “ဒါက လူတိုင်းကို နာကျင်စေရတယ်။ ကျွန်တော်တို့ဟာ မိနစ်(၁၀၀)ကြာအောင် တိုက်ပွဲဝင်ခဲ့ရတယ်။”

Photo Credit : Caught Offside

“ဒါပေမယ့် လိုအပ်တဲ့ အခြေအနေကိုတော့ မရောက်ခဲ့ဘူး။ ပလိုင်းမောက်အသင်းရဲ့ ကစားပုံကို ချီးကျူးရမယ်။ သူတို့က ကောင်းကောင်း ကစားခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ အခုထက် ပိုကောင်းအောင် လုပ်ဖို့ လိုအပ်တယ်။ ဒီရလဒ်က လူတိုင်းကို နာကျင်စေရတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဒီရလဒ်ကနေ ပြန်လာပြီးတော့ ပိုကောင်အောင် လုပ်ဖို့ လိုအပ်တယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

ဒီလို အက်ဖ်အေဖလားကနေ စောစောစီးစီး ထွက်ခွာလိုက်ရတဲ့ လီဗာပူးလ်အသင်းဟာ ဒီကြားရက်ထဲမှာပဲ ခါးသီးမြို့ခံကလပ် အဲဗာတန်အသင်းနဲ့ မာဆေးဆိုက်ဒါဘီပွဲစဉ်ကို ကစားသွားရဦးမှာဖြစ်ပြီး ဒီပွဲက ပွဲကျန်ပွဲစဉ် ဖြစ်နေတာကြောင့် ရလဒ်ကောင်းရယူနိုင်ဖို့ မဖြစ်မနေ လိုအပ်နေသလို ဒီပွဲပြီးတာနဲ့ (၃)ရက်အကြာမှာ ဝုလ်ဗ်နဲ့ ကစားသွားရပါဦးမယ်။