အသက်လက်တီကို မက်ဒရစ်အသင်းရဲ့ နည်းပြဖြစ်သူ ဒီယေဂို ဆီမြွန်နီက အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် ပီအက်စ်ဂျီအသင်းက အီတလီ ကွင်းလယ် ကစားသမား မာကို ဗာရက်တီကို ဦးစားပေး ပစ်မှတ်ထားနေတယ်လို့ စပိန် သတင်းစာ Marca ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Football Today

အသက် (၃၀)အရွယ်ရှိ အီတလီ လက်ရွေးစင် ကွင်းလယ်လူ ဗာရက်တီဟာ လွန်ခဲ့တဲ့ ၂၀၁၂ခုနှစ်ကတည်းက ပီအက်စ်ဂျီအသင်းဆီ ရောက်ရှိနေခဲ့တာ ဖြစ်ပေမယ့်လည်း လက်ရှိအချိန်မှာတော့ အသင်းနဲ့ အဆင်မပြေမှုတွေ ကြုံတွေ့နေရတာကြောင့် ဒီနွေမှာပဲ အသင်းကနေ ထွက်ခွာဖွယ် ရှိနေပါတယ်။ ဒီလို အခြေအနေမျိုး ရှိနေတဲ့ ဗာရက်တီကို ရိုးမားအသင်းက အီတလီ စီးရီးအေ ပြိုင်ပွဲဆီ ပြန်လည် ခေါ်ဆောင်ချင်နေသလို အသက်လက်တီကိုအသင်းကလည်း သူတို့ရဲ့ ကွင်းလယ်ပိုင်းအတွက် ဗာရက်တီကို အလိုရှိလာခဲ့ပါတယ်။

Photo Credit :  Transfery

အသက်လက်တီကိုက ဒီဈေးကွက်အတွင်းမှာ ကွင်းလယ် ခံစစ် ကစားသမား ကွန်ဒေါ့ဘီယာကို မာဆေးလ်အသင်းဆီ ရောင်းချထားပြီး ကွင်းလယ်လူ ဆာအူးလ်ကလည်း ဆော်ဒီ ကလပ်အသင်းတွေရဲ့ ပစ်မှတ် ဖြစ်နေချိန် အသင်းရဲ့ ကွင်းလယ်အားကို ပိုမို ကောင်းမွန်လာစေဖို့ ဗာရက်တီလို ကစားသမားမျိုးကို လိုအပ်လာခဲ့တာ ဖြစ်ပါတယ်။ အသက်လက်တီကိုက ဖီအိုရင်တီးနားရဲ့ မော်ရိုကို ကွင်းလယ်လူ ဆိုဖီယန် အမ်မရာဘတ်ကိုလည်း ပစ်မှတ်ထားလျက် ရှိနေပြီး ဒီကစားသမားကလည်း ဒီနွေမှာပဲ အသင်းပြောင်းဖို့ ပြင်ဆင်နေတာဖြစ်လို့ အသက်လက်တီကိုအနေနဲ့ ဗာရက်တီ နဲ့ အမ်မရာဘတ် နှစ်ဦးထဲကမှ ဘယ်ကစားသမားကို ခေါ်ယူသွားနိုင်မလဲဆိုတာ စောင့်ကြည့်သွားရပါမယ်။