ချယ်လ်ဆီးအသင်းဟာ ဒီရာသီမှာ အသင်းပိုင်ရှင် အပြောင်းအလဲကြီးတစ်ခု ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက်မှာ အသင်းနည်းပြ အပြောင်းအလဲတွေလည်း ဆက်တိုက် ဖြစ်ပေါ်ခဲ့ရပြီး အသင်းရဲ့ အနေအထားတွေဟာလည်း ပုံမှန် မရှိတော့ပဲ မတည်မငြိမ်နဲ့ ဖြတ်သန်းနေရပါတယ်။ အခုလက်ရှိမှာလည်း ချယ်လ်ဆီးက အခု ဘောလုံးရာသီကို ဖလားလက်မဲ့ ရာသီတစ်ခုအဖြစ်နဲ့ အဆုံးသတ်ရဖွယ် ရှိနေသလို ဥရောပဝင်ခွင့်ပါ မရယူနိုင်တဲ့ ရာသီတစ်ခု ဖြစ်လာရပါတော့မယ်။
Photo Credit : The New York Times
အသင်းပိုင်ရှင်သစ် တော့ဒ်ဘိုလေလက်ထက် တူဟယ်လ် ဂရေဟမ်ပေါ်တာ လမ်းပတ် အစရှိတဲ့ နည်းပြတွေ အပြောင်းအလဲ လုပ်ဆောင်ထားခဲ့ရတဲ့ ချယ်လ်ဆီးအသင်းဟာ အခြေအနေ ဆိုးရွှားလွန်းနေပြီး ရှုံးထွက်ဖလား ပြိုင်ပွဲတွေ အားလုံးကနေ ထွက်ခွာထားခဲ့ရပြီ ဖြစ်သလို ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာဆိုရင်လည်း အဆင့်(၁၁)နေရာထိပါ ရောက်ရှိနေရပါတယ်။ ဒီရက်ပိုင်းထဲ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်မှာလည်း ရလဒ်တွေ ထပ်မံ ဆိုးရွှားခဲ့ရာ ဒါတွေက သူတို့ ကစားသမားတွေမှာလည်း တာဝန်ရှိတယ်လို့ ပြောကြားလာပါတယ်။
Photo Credit : The Independent
“လူတွေက နည်းပြ အစားထိုးဖို့ အကြောင်းတွေကို အများကြီး ပြောဆိုနေကြတယ်။ ကစားသမားတွေအနေနဲ့လည်း တာဝန်ရှိတယ်လို့ ကျွန်တော် ထင်တယ်။ ဒီရာသီမှာ ကျွန်တော်တို့ နည်းပြ(၃)ဦးတောင် ရှိခဲ့ရပြီး ဘရူနိုပါ ထည့်တွက်မယ်ဆိုရင် (၄)ဦး။ ဒီနေ့မှာလည်း ကျွန်တော်တို့ လမ်းပတ်နဲ့အတူ ရှုံးပွဲ ကြုံခဲ့ရတယ်။ နိုင်ပွဲရဖို့ ပျက်ကွက်ခဲ့တယ်။ ဒီအချိန်မှာ လူတိုင်းက နည်းပြအကြောင်းကို ပြောနေကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကိုယ်တိုင် ဘာတွေ မှားခဲ့လဲဆိုတာ ပြန်ကြည့်ပြီး ဒါတွေကို ပြောင်းလဲပစ်ဖို့ ကြိုးစားရပါမယ်”
“ပထမအဆင့်တော့ ပြီးသွားခဲ့ပြီလို့ ထင်ပါတယ်။ ဒါပေမယ့် ဒါက မှားယွင်းတဲ့ အဆင့်တစ်ခု ဖြစ်သွားခဲ့တယ်။ ကျွန်တော်တို့တွေ ကိုယ့်တာဝန် ကိုယ်မယူနိုင်တဲ့အခါမျိုးမှာ နည်းပြတွေကို အပြစ်တင်နေလို့ မရပါဘူး။ အသင်းက မပြတ်မသားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ခက်ခဲတဲ့ ကာလကို ဖြစ်နေရတယ်။ အသင်းပိုင်ရှင် အပြောင်းအလဲနဲ့ ကစားသမားသစ်တွေ ရောက်လာမှုတွေကြောင့် အသင်းရဲ့ ကစားသမားအရေအတွက် ကိုက်ညီနိုင်မယ့် အဝတ်လဲခန်း အရွယ်အစားကို တိုးချဲ့ခဲ့ရပါတယ်။
Photo Credit : Eurosport
“ကောင်းတဲ့အချက်က အသင်းလူစာရင်းမှာ တကယ်ကောင်းမွန်တဲ့ ကစားသမားတွေ ရှိလာခဲ့ပြီး တစ်ဖက်မှာလည်း မပျော်ရွှင်တဲ့ ကစားသမားတွေဆိုတာလည်း ရှိတတ်စမြဲပါပဲ။ ကစားသမားတိုင်းက ကစားခွင့် အမြဲမရနိုင်လို့ စိတ်ဆိုး စိတ်ပျက်တာတွေ ဖြစ်လာရတယ်။ နည်းပြကလည်း ကစားသမား အယောက်(၃၀)ထဲက (၁၁)ဦးကိုပဲ ရွေးချယ်ရတာမို့ ခက်ခဲပါတယ်။ တချို့ဆိုရင် အသင်းရဲ့ လူစာရင်းထဲမှာတောင် မပါနိုင်ပါဘူး”
“ဇန်နဝါရီမှာလည်း ကစားသမား (၈)ဦးအထိ ကျွန်တော်တို့ ခေါ်ယူခဲ့တယ်။ ဒါတွေကို ရပ်တန့်ပြီး နည်းဗျူဟာတစ်ခု ချမှတ်ဖို့ လိုအပ်ပါတယ်။ မဟုတ်ရင်တော့ နောက်ရာသီတွေမှာလည်း အခုလို တူညီတဲ့ အမှားတွေ လုပ်မိသွားနိုင်ပါတယ်” လို့ ဆေးလ်ဗားက ပြောဆိုသွားခဲ့ပါတယ်။