နယ်သာလန် ထိပ်သီးကလပ် အေဂျက်ရဲ့ နည်းပြဖြစ်သူ ရှရူဒါကတော့ ယခုနှစ် နွေဈေးကွက် အတွင်းမှာ ပရီးမီးယားလိဂ် မန်ချက်စတာ ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေတဲ့ ကြယ်ပွင့် ကစားသမား အန်တိုနီကို အသင်းမှာ ဆက်ထိန်းထားဖို့ မသေချာကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား အန်တိုနီက ဆော်အိုပေါ်လို ကနေ အေဂျက်ထံ ရောက်ရှိလာခဲ့ပြီးနောက် အသင်းရဲ့ အဓိက တိုက်စစ် ကစားသမား အဖြစ် ခြေစွမ်းပြ ကစားထားနိုင်သူ ဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့သွားတဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က သူ့ရဲ့ တပည့်ရင်း အန်တိုနီက အင်္ဂလန်မြေဆီ ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။

Photo Credit: Goal

တဖက်မှာလည်း အန်တိုနီက သူ့ကို မြေတောင်မြှောက်ပေးခဲ့တဲ့ ဆရာရင်း အဲရစ် တန်ဟက်ဂ်နဲ့ ပူးပေါင်းဖို့ ဆန္ဒရှိနေကာ ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းမှာတော့ အန်တိုနီရဲ့ အေးဂျင့်တဦးက အင်္ဂလန်နိုင်ငံအထိ သွားရောက်ကာ အန်တိုနီရဲ့ အပြောင်းအရွှေ့ အတွက် မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေနဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်ထားပါတယ်။

အေဂျက်ကတော့ သူတို့ရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ အန်တိုနီကို အလွယ်တကူ လက်လွှတ်ဖို့ ဆန္ဒမရှိပေမယ့် အကယ်၍ မန်ချက်စတာ ယူနိုက်တက်ကသာ အန်တိုနီအတွက် သူတို့ဘက်က တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ယူရို ၈၀သန်း ဝန်းကျင်ကို ပေးချေနိုင်မယ် ဆိုရင် အန်တိုနီကို ရောင်းချနိုင်ပြီး အေဂျက်နည်းပြသစ် ရှရူဒါကလည်း သူတို့ဟာ အန်တိုနီကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ မသေချာကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

Photo Credit: Goal

ရှရူဒါက – “ကျွန်တော်တို့ကတော့ လက်ရှိ လူစာရင်းကို ဆက်ထိန်းထားနိုင်ဖို့ မျှော်လင့်မိပါတယ်။ ဒါပေမယ့် ခင်ဗျားတို့ သိတဲ့အတိုင်းပဲလေ။ ဒါက ဘောလုံးလောကပါ။ ရှေ့ဆက်ပြီး ဘာတွေဖြစ်လာမလဲ ဆိုတာကို ကျွန်တော်တို့တွေ သေချာ မသိနိုင်ပါဘူး” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကတော့ အန်တိုနီကို ခေါ်ယူနိုင်မယ်လို့ ယခုချိန်အထိ မျှော်လင့်ထားဆဲ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က အန်တိုနီအတွက် အေဂျက်ဘက်က တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ယူရို ၈၀သန်းကို ပေးချေဖို့ ဆန္ဒမရှိပေမယ့် အန်တိုနီကို ပြောင်းရွှေ့ကြေး ယူရို ၇၀သန်း ဝန်းကျင်နဲ့ ကမ်းလှမ်းနိုင်ကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Four Four Two သတင်းဌာနက အခိုင်အမာ ဖော်ပြထားပါတယ်။