ပရီးမီးယားလိဂ်မှာ တန်းဆင်းဇုန် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ရှက်ဖီးလ် ယူနိုက်တက်က သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အားဖြည့်မှု တရပ် အဖြစ် လီဗာပူး တိုက်စစ်မှူးဟောင်း ဖာမီနိုကို အငှားနဲ့ ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ဗြိတိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာကြပါတယ်။

အသက် ၃၂နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူး ဖာမီနိုက ပြီးခဲ့တဲ့ နွေဈေးကွက်မှာမှ လီဗာပူးကနေ အယ် အာလီဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး သူက အယ် အာလီနဲ့ ၂၀၂၆ခုနှစ် အထိ သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Standard

ဖာမီနိုက လီဗာပူး အတွက် ပြိုင်ပွဲစုံမှာ ၃၆၂ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၁၁ဂိုး အထိ သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၇၉ကြိမ် အထိ ပြုလုပ်ပေးနိုင်ခဲ့ပေမယ့် အယ် အာလီဆီ ရောက်ရှိချိန်မှာ သွင်းဂိုးတွေ သွင်းယူနိုင်ဖို့ ရုန်းကန်နေရပြီး သူက ယခုနှစ်ရာသီမှာ အယ် အာလီအတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၃ဂိုးသာ သွင်းယူပေးထားနိုင်ပါတယ်။

စွမ်းဆောင်ရည် ကျဆင်းနေတာကြောင့်ပဲ မားသီးယပ်စ်က ဖာမီနိုကို နောက်ပိုင်းပွဲတွေမှာ ပွဲထွက်ခွင့် မပေးတော့ပဲ လူစားဝင် ကစားသမား အဖြစ်သာ အသုံးပြုနေပြီး ဖာမီနိုက ပွဲထွက်ခွင့် မရတဲ့ အတွက် လာမယ့် ဆောင်းဈေးကွက်မှာ အသင်းပြောင်းဖို့ စတင် စဉ်းစားနေပါတယ်။

Photo Credit: Tribuna

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Talksportsရဲ့ ဖော်ပြချက်အရ ဖာမီနိုက လာမယ့် ဆောင်းဈေးကွက်မှာ အသင်းပြောင်းဖို့ စဉ်းစားနေသလို ရှက်ဖီးလ် ယူနိုက်တက်က ဖာမီနိုကို ရာသီဝက်အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဖာမီနိုကလည်း ရှက်ဖီးလ် ယူနိုက်တက်နဲ့ ဆွေးနွေးဖို့ အဆင်သင့် ရှိနေကြောင်း သိရပါတယ်။

လက်ရှိမှာ ရှက်ဖီးလ် ယူနိုက်တက် အပြင် ဆော်ဒီကလပ်တွေနဲ့ ဘရာဇီးလ်ကလပ်တွေကပါ ဖာမီနိုကို အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာကြောင့် ရှက်ဖီးလ် ယူနိုက်တက်ဟာ ဖာမီနိုကို ခေါ်ယူချင်ရင် ခပ်သွက်သွက် လှုပ်ရှားဖို့ လိုအပ်နေပါတယ်။