ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကစားသမား နီကိုလပ်စ် ဂျက်ဆင်က ဘရန့်ဖို့ဒ်အသင်းနဲ့ ပွဲစဉ်အတွင်း ပြိုင်ဘက် ဂိုးဧရိယာထဲမှာ ဘာမှ လှုပ်ရှားမှု မရှိ ဘာမှ မလုပ်ဆောင်ပြနိုင်ခဲ့ဘူးလို့ ပရီးမီးယားလိဂ် ဂန္တဝင် ကစားသမားဟောင်းကြီး အလန် ရှီးယားက ဝေဖန်သွားခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းက အသက် (၂၂)နှစ်အရွယ် ဆီနီဂေါ တိုက်စစ်မှူး ဂျက်ဆင်ကို ဒီနွေမှာပဲ ဗီလာရီးယဲလ်ကနေ ခေါ်ယူခဲ့ပြီး ဂျက်ဆင်ကလည်း ချယ်လ်ဆီးရဲ့ ရာသီကြို ပွဲစဉ်တွေထဲ အကောင်းဆုံး ခြေစွမ်းတွေ ပြသနိုင်ခဲ့ပေမယ့် တကယ်တမ်း ရာသီလည်း စတင်ရော အသင်းအတွက် လိဂ်ဂိုး (၂)ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။
Photo Credit : Football London
ချယ်လ်ဆီးအနေနဲ့ ဂျက်ဆင်လို ဂိုးဧရိယာထဲရောက်ရင် ဘာလုပ်ချင်လို့ လုပ်ချင်မှန်း မသိတဲ့ တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူထားတာက အသင်းအတွက် ဘာမှ အကျိုးမရှိဘူးလို့ အသင်းပရိသတ်တွေက ဝေဖန်နေသလို ရှီးယားကလည်း ဂျက်ဆင်ကို အသေးစိတ် ဝေဖန်မှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။
“ချယ်လ်ဆီး တိုက်စစ်ကစားသမားတွေကို ကြည့်ရတာ အသင်းအတွက် ဘယ်တုန်းကမှ ဂိုးမသွင်းယူပေးနိုင်သလိုမျိုး ဖြစ်နေတယ်။ တိုက်စစ်မှူးတွေက ဂိုးသွင်း ထက်မြက်နေဖို့အတွက်ဆိုရင် သူကိုယ်တိုင်ကလည်း ဂိုးတွေ သွင်းယူနိုင်မယ့် နေရာတွေဆီ ချိန်သားကိုက် ရောက်ရှိနေရပါမယ်။”
Photo Credit : The Sun
“ဒီပွဲမှာ ဂျက်ဆင်ကို ကြည့်ရတာ ဘာ လှုပ်ရှားမှုမှ ရှိမနေသလိုပါပဲ။ သူ ပြေးလွှားနေတဲ့ ပုံကို ကြည့်ရတာ အရမ်းကို အကြမ်းထည် ဆန်လွန်နေပြီး ဂိုးဧရိယာထဲ ရောက်နေပြီဆိုရင် ဘာလုပ်ရမှန်းမသိ ဖြစ်နေတက်တယ်။ တိုက်စစ်မှူးတွေက တစ်ခါတစ်လေမှာ အသင်းဖော်တွေ နေရာလွတ်ရအောင် နောက်ခံလူတွေကို ဆွဲထုတ်သွားတဲ့ အယောင်ပြပြေးတာမျိုး လုပ်ပေးရတက်တယ်။”
“အဲ့ဒီကနေလည်း သူ့အတွက်လည်း အခွင့်အရေးတွေက ရလာနိုင်တယ်။ ဒါပေမယ့် ဂျက်ဆင်ကို ကြည့်ရတာ သူ့အသင်းဖော်တွေ ဘာလုပ်မလဲဆိုတာ ရပ်ကြည့်နေပြီး ကိုယ်တိုင်က လှုပ်ရှားမှု မရှိနေသလိုပါပဲ။” လို့ ရှီးယားက ပြစ်တင်သွားခဲ့ပါတယ်။