စပိန် လာလီဂါ ထိပ်သီးကလပ် ဆီဗီလာအသင်းကနေ လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ မန်ချက်စတာ ယူနိုက်တက် ဂိုးသမားဟောင်း ဒါးဗစ် ဒီဟေးယားကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေတယ်လို့ စပိန်မီဒီယာတချို့မှာ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sky Sports

   စပိန်လက်ရွေးစင်ဟောင်း ဒီဟေးယားဟာ ဒီနွေမှာပဲ မန်ယူနိုက်တက်အသင်းနဲ့ လမ်းခွဲလိုက်တာဖြစ်ပြီး ယူနိုက်တက်ကလည်း ဒီဟေးယားကို အသင်းမှာ ဆက်ထိန်းဖို့ ထပ်မံ မကြိုးပမ်းတော့ပဲ အိုနာနာကို ခေါ်ယူဖို့သာ ရွေးချယ်လိုက်ပါတယ်။ ယူနိုက်တက်နဲ့ (၁၂)တိုင်တိုင် လက်တွဲခဲ့တဲ့ ဒီဟေးယားကို လက်ရှိမှာ ဆော်ဒီ ကလပ်အသင်းတွေကနေ ခေါ်ယူဖို့ အပြိုင် စိတ်ဝင်စားနေကြသလို အဓိက ဂိုးသမား ဘိုနိုကို လက်လွတ်ရဖို့ ရှိနိုင်တဲ့ ဆီဗီလာကလည်း ဒီဟေးယားကို စပိန်မြေဆီ ပြန်လည် ခေါ်ဆောင်ဖို့ စိတ်ဝင်စားနေပါတယ်။

Photo Credit : Eurosport

   ဆီဗီလာအသင်းရဲ့ မော်ရိုကို လက်ရွေးစင် ဂိုးသမား ဘိုနိုကို လက်ရှိမှာ ပီအက်စ်ဂျီအသင်း နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့က စိတ်ဝင်စားနေကြပြီး တကယ်လို့ ဘိုနိုသာ အသင်းနဲ့ လက်တွဲဖြုတ်သွားခဲ့မယ်ဆိုရင် သူ့နေရာမှာ ဒီဟေးယားနဲ့ ပြန်လည် အစားထိုးချင်နေတာ ဖြစ်ပါတယ်။ ဆီဗီလာက ဒီဟေးယားကို အလွတ်နဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပေမယ့်လည်း ဒီဟေးယားရဲ့ လစာပိုင်းမှာတော့ ညှိနှိုင်းရဖွယ်လည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီဟေးယားက သူရဲ့ မွေးရပ်မြေ စပိန်မှာ ဘောလုံးသမားဘဝကို ဆက်လက် ဖြတ်သန်းရမှာမို့ ဆီဗီလာဘက်ကသာ အသေအချာ ကမ်းလှမ်းဖြစ်လာမယ်ဆိုရင် ဒီဟေးယားကို လာလီဂါမှာ ပြန်လည် မြင်တွေ့ရနိုင်ပါတယ်။

Photo Credit : Sporting News

   ဒီဟေးယားကို တူရကီကလပ် ဖီနာဘာချီအသင်းကလည်း စိတ်ဝင်စားနေတယ် ဆိုပေမယ့် ဖီနာဘာချီက အခုအခါ ခရိုအေးရှား လက်ရွေးစင် ဂိုးသမား လီဗာကိုဗစ်ကိုသာ ခေါ်ယူသွားခဲ့တာကြောင့် ဒီဟေးယားအနေနဲ့ သူ့အတွက် အသင်းသစ်ကို ဆက်လက် ရှာဖွေရဖို့ ရှိနေပါတယ်။