ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် လိုက်ပ်ဇစ်ရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ ဘန်ဂျမင် ဆက်ဇ်ကိုက သူဟာ ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ငြင်းပြီး လိုက်ပ်ဇစ်ဆီ ပြောင်းခဲ့တဲ့ ဆုံးဖြတ်ချက် အတွက် နောင်တမရကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၀ အရွယ် ဆလိုဗေးနီးယား လက်ရွေးစင် တိုက်စစ်မှူး ဘန်ဂျမင် ဆက်ဇ်ကိုက ဩစတီးယားကလပ် ဆဲလ်ဘက်နဲ့အတူ ဥရောပ ဘောလုံးဇာတ်ခုံပေါ်မှာ စတင် တောက်ပလာသူ ဖြစ်ပြီး သူက ဆဲလ်ဘက်အတွက် ပြိုင်ပွဲစုံမှာ ၇၉ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂၉ဂိုး သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၁ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Team Talk

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာ ယူနိုက်တက်က ဆက်ဇ်ကိုကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးစားခဲ့ပေမယ့် ဆက်ဇ်ကိုကတော့ မန်ချက်စတာ ယူနိုက်တက်ဆီ မပြောင်းပဲ ဆဲလ်ဘက်ရဲ့ ပိုင်ရှင်တူကလပ် ဖြစ်တဲ့ လိုက်ပ်ဇစ်ဆီသာ ပြောင်းရွှေ့ခဲ့ပါတယ်။

လိုက်ပ်ဇစ်က ဆက်ဇ်ကိုကို ပြောင်းရွှေ့ကြေး ယူရို ၂၄သန်းနဲ့ ခေါ်ယူခဲ့သလို ၂၀၂၈ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပြီး ဆက်ဇ်ကိုက ဒီရာသီမှာ လိုက်ပ်ဇစ်အတွက် ပြိုင်ပွဲစုံ ၇ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၅ဂိုး အထိ သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit: Reddit

ဆက်ဇ်ကိုက လိုက်ပ်ဇစ်ဆီ ရောက်ရှိပြီးနောက် ခြေစွမ်းကောင်းတွေ ဆက်လက် ထုတ်ပြနိုင်နေသလို နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာလည်း ဆက်ဇ်ကိုက မန်ချက်စတာ ယူနိုက်တက်ကို ငြင်းပြီး လိုက်ပ်ဇစ်ဆီ ပြောင်းခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက် တခု ဖြစ်ခဲ့ကြောင်း ပြောကြားသွားခဲ့ပါတယ်။

ဆက်ဇ်ကိုက – “ကျွန်တော်ဟာ အပြောင်းအရွှေ့တွေနဲ့ ပတ်သတ်တဲ့ မေးခွန်းတွေကို သိပ်မဖြေချင်ပါဘူး။ ဒါပေမယ့် လိုက်ပ်ဇစ်ဆီ ပြောင်းခဲ့တာက ပိုကောင်းတယ်လို့ ထင်ပါတယ်။ ကျွန်တော့်အတွက် ဆဲလ်ဘက်နဲ့ ကစားပုံ ဆင်တူတဲ့ အသင်းဆီ ပြောင်းနိုင်ဖို့က အရမ်းကို အရေးကြီးခဲ့ပါတယ်။ ကစားပုံ ဆင်တူတဲ့ အသင်းဆီ ပြောင်းလာနိုင်ခဲ့လို့ ကျွန်တော် ဘာတွေလုပ်ရမလဲ ဆိုတာကို သိပြီးသား ဖြစ်သလို အသင်းသစ်နဲ့ အသားကျဖို့ အချိန်အများကြီး မယူခဲ့ရပါဘူး” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။