မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ဘောလုံးရာသီဝက် တစ်ခုခန့်လောက်အထိ ပါဝင် ကစားခဲ့တဲ့ စပိန် ဘယ်နောက်ခံကစားသမား ဆာဂျီယို ရယ်ဂီလွန်ဟာ လက်ရှိမှာတော့ ဘရန့်ဖို့ဒ်အသင်းဆီ အငှားစာချုပ်နဲ့ သွားရောက် ကစားဖို့ နီးစပ်နေပြီပဲ ဖြစ်ပါတယ်။
ရီးယဲလ်မက်ဒရစ် နဲ့ ဆီဗီလာ ကစားသမားဟောင်း ရယ်ဂီလွန်ဟာ တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ ကစားသမားတစ်ဦး ဖြစ်ပေမယ့် အသင်းမှာ ပုံမှန် ပွဲကစားခွင့်တွေ မရရှိတာကြောင့် အသက်လက်တီကို နဲ့ ယူနိုက်တက်အသင်းဆီ အငှား ပြောင်းရွှေ့ခဲ့ရပါသေးတယ်။
Photo Credit : BVB Buzz
အသက် (၂၇)နှစ်အရွယ်သာ ရှိနေသေးတဲ့ ရယ်ဂီလွန်ဟာ ၂၀၀၅ခုနှစ်ကတည်းက ရီးယဲလ် အကယ်ဒမီကို ရောက်ရှိနေခဲ့တာဖြစ်ပြီး ရီးယဲလ်အတွက်ကိုတော့ ၂၀၁၈-၁၉ တစ်ရာသီတည်းသာ ကစားပေးခဲ့ရပြီး တခြားအသင်းတွေမှာ အငှားနဲ့ ကျင်လည်ခဲ့ရပါတယ်။
၂၀၂၀မှာတော့ ရယ်ဂီလွန်ကို စပါးအသင်းက အပြီးသတ် ခေါ်ယူခဲ့ပြီး ရယ်ဂီလွန်လည်း (၂)ရာသီလောက် စပါးရဲ့ အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့ရပေမယ့် စပါးမှာ နည်းပြ အပြောင်းအလဲ အမြောက်အများ ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း ရယ်ဂီလွန်ပါ နေရာပျောက်သွားခဲ့ရပါတယ်။
Photo Credit : Sporting Life
ရယ်ဂီလွန်ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက စပါးကနေ အသက်လက်တီကို အသင်းဆီ အငှားနဲ့ သွားရောက် ကစားခဲ့သလို ဒီရာသီမှာလည်း ယူနိုက်တက်ဆီ ထပ်မံ အငှားနဲ့ ပြောင်းရွှေ့ခဲ့ပေမယ့်လည်း ယူနိုက်တက်ဘက်က အငှားခေါ်ယူမှုကို ရာသီဝက်မှာပဲ ဖျက်သိမ်းခဲ့တာကြောင့် ရယ်ဂီလွန်က စပါးအသင်းဆီသာ ပြန်ရောက်သွားခဲ့ပါတယ်။
ဒါပေမယ့်လည်း စပါးအသင်းက ရယ်ဂီလွန်ကို အသင်းမှာ နေရာပေးသွားဖို့ အစီအစဉ် မရှိသလို ရယ်ဂီလွန် ကိုယ်တိုင်ကလည်း စပါးနဲ့ လက်တွဲဖြုတ်ချင်နေတာကြောင့် သူ့ကို ကလပ်အသင်း များစွာက စောင့်ကြည့်နေပြီး လက်ရှိမှာတော့ ရယ်ဂီလွန်ဟာ သောမတ်စ် ဖရန့်ရဲ့ ဘရန့်ဖို့ဒ်အသင်းနဲ့ လက်တွဲသွားရဖို့ ရှိနေပါတယ်။