နယ်သာလန် ထိပ်သီးကလပ် အေဂျက်ရဲ့ နည်းပြဖြစ်သူ ရှရူဒါကတော့ ချန်ပီယံလိဂ် အုပ်စု ဒုတိယပွဲ အဖြစ် လီဗာပူးကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမယ့် ပွဲစဉ်အတွက် သူ့ရဲ့ ဆရာဟောင်း တဦး ဖြစ်သလို အေဂျက်ရဲ့ နည်းပြဟောင်းလည်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြ အဲရစ် တန်ဟက်ဂ်ရဲ့ နည်းစနစ်တွေကို ပြန်လည် အသုံးပြုသွားမယ်လို့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အဲရစ် တန်ဟက်ဂ်နဲ့ ရှရူဒါတို့က အေဂျက်မှာ အတူတကွ လက်တွဲခဲ့ဖူးကြသူတွေ ဖြစ်သလို တန်ဟက်ဂ် တယောက် မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့သွားချိန်မှာလည်း ရှရူဒါက တန်ဟက်ဂ်ရဲ့ နေရာကို အစားဝင်ကာ တန်ဟက်ဂ်ရဲ့ အေဂျက်ကို အနေအထား မပျက်သွားအောင် အကောင်းဆုံး ထိန်းကျောင်းထားနိုင်ပါတယ်။

Photo Credit: Sky Sports

တဖက်မှာတော့ အဲရစ် တန်ဟက်ဂ်က မန်ချက်စတာ ယူနိုက်တက်နည်းပြ ဘဝ ပထမဦးဆုံး ကစားခဲ့တဲ့ ၂ပွဲမှာ ရှုံးပွဲတွေနဲ့ ကြုံတွေ့ခဲ့ရပေမယ့် လီဗာပူးကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှ စတင်ကာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၄ပွဲဆက် နိုင်ပွဲတွေ ရယူနိုင်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားပုံကလည်း တဖြည်းဖြည်းနဲ့ တိုးတက် ကောင်းမွန်လာတာကို မြင်တွေ့နေရပါတယ်။

ရှရူဒါကတော့ လီဗာပူးကို ရင်ဆိုင်ဖို့ အတွက် သူ့ရဲ့ ဆရာဟောင်း အဲရစ် တန်ဟက်ဂ် တယောက် မန်ချက်စတာ ယူနိုက်တက် ၂-၁ လီဗာပူး ပွဲစဉ်မှာ အသုံးပြုခဲ့တဲ့ နည်းစနစ်တွေကို ပြန်လည် အသုံးပြုဖို့ စီစဉ်နေကြောင်းနဲ့ သူတို့အသင်းဟာ လီဗာပူးနဲ့ပွဲမှာ ရလဒ်ကောင်း ရဖို့ ဆိုရင် အစွမ်းကုန် ကြိုးစားဖို့ လိုအပ်ကြောင်း ဖွင့်ဟ ပြောပြသွားခဲ့ပါတယ်။

Photo Credit: Sky Sports

ရှရူဒါက – “ကျွန်တော်က အဲ့ဒီပွဲကို (မန်ယူ၂-၁လီဗာပူး) ပြန်ကြည့်ပြီး ယူနိုက်တက်တို့ ဘာတွေ လုပ်ခဲ့သလဲ ဆိုတာကို လေ့လာခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက်ရဲ့ပွဲထဲမှာ ကျွန်တော်တို့ အတွက် အသုံးဝင်မယ့် နည်းစနစ်တွေ ရှိနေပါတယ်။ ကျွန်တော်တို့က ဒီညမှာ အသင်းလိုက် အစည်းအဝေး လုပ်ဖို့ ရှိပြီး အဲ့ဒီအစည်းအဝေးမှာ ကျွန်တော်တို့တွေ ဘာတွေ လုပ်ဆောင်ရမလဲ ဆိုတာကို အသေးစိတ် ဆွေးနွေးကြပါမယ်။ ကျွန်တော်တို့က မန်ချက်စတာ ယူနိုက်တက်နဲ့ မတူညီတဲ့ နည်းစနစ် တချို့ကိုလည်း သုံးစွဲချင် သုံးစွဲပါလိမ့်မယ်။ အရေးကြီးဆုံးက ကျွန်တော်တို့ဟာ မနက်ဖြန်ပွဲမှာ ကျွန်တော်တို့ရဲ့ အကောင်းဆုံး လူစာရင်းကို သုံးစွဲပြီး အကောင်းဆုံး ကြိုးစား ကစားသွားရပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။