ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ပေါလ်စခိုးလ်က သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ဟာ လက်ရှိ ပစ်မှတ် ကစားသမားတွေ ဖြစ်တဲ့ ဟယ်ရီကိန်းနဲ့ အိုဆီမန်တို့ထက် အင်တာမီလန် တိုက်စစ်မှူး လော်တူရို မာတီနက်ဇ်ကိုသာ ခေါ်ယူသင့်ကြောင်း အကြံပေးစကား ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က တိုက်စစ်ပိုင်းမှာ အန်တိုနီ မာရှယ် ၊ ရက်ဖို့ဒ်နဲ့ ဗက်ဟို့စ် (အငှား) စတဲ့ တိုက်စစ်မှူး သုံးဦးကို ပိုင်ဆိုင်ထားပေမယ့် ဗက်ဟို့စ်ဟာ ရာသီကုန်မှာ ဘန်လေဆီ ပြန်ဖို့ အခွင့်အလမ်း များနေသလို မာရှယ်ရဲ့ ကြံ့ခိုင်မှု အနေအထားကလည်း ယုံကြည် စိတ်ချလို့ မရတာကြောင့် တိုက်စစ်မှူးသစ် တဦးကို ထပ်ခေါ်ဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: Metro

လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက်က စပါးရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ နာပိုလီ တိုက်စစ်မှူး အိုဆီမန်တို့ နှစ်ဦးကို စိတ်ဝင်စားနေပြီး ဘောလုံးရေးရာ သုံးသပ်သူ အများစုကလည်း မန်ချက်စတာ ယူနိုက်တက်ကသာ ဟယ်ရီကိန်းနဲ့ အိုဆီမန်တို့ နှစ်ဦးထဲက တဦးကို ရရင် ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်လိမ့်မယ်လို့ သုံးသပ်ထားကြပါတယ်။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား ဖြစ်သူ ပေါလ်စခိုးလ်က ဘောလုံးရေးရာ သုံးသပ်သူတွေနဲ့ အမြင်မတူပဲ စခိုးလ်က ယူနိုက်တက်ဟာ ဟယ်ရီကိန်းနဲ့ အိုဆီမန်တို့ထက် ကစားကွက် ပုံဖော်မှု အားကောင်းတဲ့ အင်တာမီလန် တိုက်စစ်မှူး မာတီနက်ဇ်ကို ခေါ်ယူသင့်ကြောင်း ဆိုလာပါတယ်။

Photo Credit: Metro

ပေါလ်စခိုးလ်က – “ကျွန်တော်ကတော့ ဟယ်ရီကိန်းဟာ စပါးကနေ ထွက်ခွာလိမ့်မယ်လို့ မထင်ပါဘူး။ ဒန်နီရယ် လီဗိုင်းနဲ့ ဆက်ဆံရတာက မလွယ်ပါဘူး။ လီဗိုင်းက ခင်ဗျားတို့ကို အပြောင်းအရွှေ့ လုပ်မယ် ဆိုပြီးတော့ နောက်ဆုံးချိန် အထိ အချိန်ဆွဲသွားပါလိမ့်မယ်။ ပြီးရင် ခင်ဗျားတို့ကို အပြောင်းအရွှေ့ မလုပ်တော့ဘူး ဆိုပြီး ဗလောင်းဗလဲ ပြောပါလိမ့်မယ်။ မန်ယူအတွက် တခြား တိုက်စစ်မှူးတွေလည်း ရှိပါသေးတယ်။ ဥပမာ အိုဆီမန်ပေါ့။ အိုဆီမန်ကလည်း အရည်အချင်းတွေ အများကြီး ရှိတဲ့ တိုက်စစ်မှူးပါ။ ဒါပေမယ့် ကျွန်တော်ကတော့ အိုဆီမန်ဟာ ဒရော့ဘာလို တိုက်စစ်မှူးလို့ ထင်ပါတယ်။ သူက မန်ယူထက် ချယ်လ်ဆီးနဲ့ ပိုပြီး သင့်တော်တယ်လို့ မြင်တယ်။ ကျွန်တော်ကတော့ အင်တာမီလန်ရဲ့ မာတီနက်ဇ်ကို သဘောကျပါတယ်။ သူက တန်ဟက်ဂ်ရဲ့ ကစားကွက်နဲ့ သင့်တော်တဲ့ ကစားသမားလို့လည်း မြင်ပါတယ်။ မာတီနက်ဇ်က တိုက်စစ်မှူး ဆိုပေမယ့် ပြိုင်ဘက်ရဲ့ ခံစစ်ကြောင်းထဲ တိုးဝင်ကာ ပြေးလွှားတတ်သလို ပြိုင်ဘက်တွေကိုလည်း မကြောက်တတ်ပါဘူး” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။