ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ ပေါလ် စခိုးလ်က သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ဟာ ယမန်နေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာဒါဘီမှာ အနိုင်ရခဲ့ပြီးနောက် ပရီးမီးယားလိဂ် ချန်ပီယံဆုကို မျှော်မှန်းနိုင်စွမ်း ရှိနေပြီလို့ သုံးသပ်သွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ယခုနှစ် ဘောလုံးရာသီ အစကမှ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်ကို အေဂျက်ကနေ ကာလရှည် စာချုပ်တရပ်နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး အဲရစ် တန်ဟက်ဂ်ရဲ့ လက်အောက်မှာ မန်ချက်စတာ ယူနိုက်တက်က အရည်အသွေးမြင့် ကစားသမားတွေ ဖြစ်တဲ့ ကတ်စ်မဲရိုး ၊ အန်တိုနီ ၊ မာတီနက်ဇ် ၊ အဲရစ်ဆင်နဲ့ မာလာစီယာတို့ကို ခေါ်ယူနိုင်ခဲ့ပြီး ကစားသမားတွေ အားလုံးကလည်း အသင်းသစ်နဲ့ ချက်ချင်း အံဝင်ခဲ့ပါတယ်။

Photo Credit: Squawka

ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာဒါဘီမှာလည်း တန်ဟက်ဂ်က သူ ခေါ်ယူထားတဲ့ ကစားသမားတွေ ဖြစ်တဲ့ ကတ်စ်မဲရိုး ၊ အန်တိုနီ ၊ မာတီနက်ဇ် ၊ အဲရစ်ဆင်နဲ့ မာလာစီယာတို့ အားလုံးကို ထုတ်သုံးခဲ့ပြီး ကစားသမားတွေ အားလုံးက ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ကြသလို မန်ချက်စတာ ယူနိုက်တက်ကလည်း ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

မန်ချက်စတာ စီးတီးကို အနိုင်ယူပြီးနောက် တန်ဟက်ဂ်ရဲ့ မန်ချက်စတာ ယူနိုက်တက်က အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရှိနေတဲ့ မန်ချက်စတာ စီးတီးနဲ့ ရမှတ် ၁မှတ်သာ ကွာဟတော့သလို ထိပ်ဆုံးမှာ ရှိနေတဲ့ အာဆင်နယ်ထက် တပွဲပို ကစားထားပြီး ရမှတ် ၆မှတ်သာ ကွာဟတော့ကာ အာဆင်နယ်နဲ့ မန်ချက်စတာ စီးတီးတို့က နှစ်ကျော့စလုံး ယှဉ်ပြိုင် ကစားရဖို့ ကျန်နေသေးတာကြောင့် မန်ချက်စတာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ အခွင့်အလမ်းတွေ ပိုင်ဆိုင်ထားပါတယ်။

Photo Credit: Squawka

မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ ပေါလ် စခိုးလ်ကလည်း သူ့ရဲ့ အသင်းဟောင်းဟာ ချန်ပီယံ ဖြစ်နိုင်တဲ့ အခွင့်အရေးတွေကို ပိုင်ဆိုင်ထားပြီလို့ သုံးသပ်လိုက်ပေမယ့် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ ရာခိုင်နှုန်း အများဆုံးက မန်ချက်စတာ စီးတီးသာ ဖြစ်ကြောင်း သူ့ရဲ့ ယူဆချက်တွေကို ပြောပြသွားခဲ့ပါတယ်။

ပေါလ် စခိုးလ်က – “ဒီနေ့ပွဲမှာ ကျွန်တော်တို့က မန်ချက်စတာ ယူနိုက်တက်ဟာ သူတို့တွေ အနိုင်ယူရမယ့် အချိန်ကို ရောက်ရင် အနိုင်ယူနိုင်စွမ်း ရှိနေပြီ ဆိုတာကို သိသိသာသာ မြင်တွေ့ခဲ့ကြရပါတယ်။ ယူနိုက်တက်က ချန်ပီယံလောင်း ဖြစ်လာပြီလားလို့ မေးရင်တော့ ဖြစ်နေပြီလို့ပဲ ပြောချင်ပါတယ်။ တကယ်လို့ သူတို့ရဲ့ အဓိက ကစားသမားတွေသာ ဒဏ်ရာမရဘူး ဆိုရင် သူတို့ဟာ ချန်ပီယံ ဖြစ်နိုင်ချေ ရှိပါတယ်။ သူတို့က စီးတီးနဲ့ ရမှတ် ၁မှတ်ပဲ ကွာတော့တာလေ။ ဒါပေမယ့် ကျွန်တော့်အတွက် စီးတီးကပဲ ချန်ပီယံ ဖြစ်ဖို့ ရာခိုင်နှုန်း အများဆုံး အသင်း ဖြစ်နေဆဲပါ။ စီးတီးက လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်းပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။