ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကွင်းလယ်လူ တဦး ဖြစ်သူ ပေါလ်စခိုးလ်ကတော့ ယခုနှစ် နွေဈေးကွက် အတွင်းမှာမှ အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ စံချိန်တင် ပြောင်းရွှေ့ကြေး တရပ် ဖြစ်တဲ့ ယူရို ၁၀၀သန်းနဲ့ ပြောင်းရွှေ့လာတဲ့ တောင်ပံတိုက်စစ် ကစားသမား အန်တိုနီဟာ မလိုအပ်ပဲ စကေးပြနေတာကို လျှော့ဖို့ လိုအပ်ကြောင်းနဲ့ အန်တိုနီ တယောက် စကေး ပြသွားတာ ရပ်သွားအောင် တယောက်ယောက်က သူ့ကို ကန်ပေးဖို့ လိုအပ်နေပြီ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် ဘရာဇီးလ် တောင်ပံတိုက်စစ် ကစားသမား အန်တိုနီက မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာပြီးနောက် ချက်ချင်းဆိုသလိုပဲ အသင်းနဲ့ အထိုင်ကျခဲ့သလို အသင်းအတွက် ပြိုင်ပွဲစုံမှာ ၁၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃ဂိုး သွင်းယူထားနိုင်ပါတယ်။

Photo Credit: Metro

အန်တိုနီက ဘရာဇီးလ်သား တဦးပီပီ ပြိုင်ဘက်တွေအား လိမ်ခေါက် ဖြတ်ကျော်ရာမှာ ထူးချွန်သူ တဦး ဖြစ်ပြီး သူ့ရဲ့ ၃၆၀ ဒီဂရီ လှည့်ကွက်လို့ တင်စားခံထားရတဲ့ ဘောလုံးကို ခြေခွင်နဲ့ ထိန်းကာ ခန္ဓာကိုယ် တပတ် လှည့်ပြတဲ့ အလှပြကွက်ကိုလည်း ပွဲတိုင်းလိုလို လုပ်ပြတတ်သူပါ။

ကစားသမား ဘဝမှာ ရိုးရှင်းစွာသာ ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကွင်းလယ်လူ ဖြစ်သူ ပေါလ်စခိုးလ်ကတော့ အန်တိုနီ တယောက် အခုလိုမျိုး အလှပြကွက်တွေ ပြတာကို သဘောမကျပဲ စခိုးလ်က အန်တိုနီဟာ သူ့ရဲ့ အသုံးမဝင်တဲ့ အလှပြကွက် အစား ပြိုင်ဘက်တွေကို ဖြတ်ကျော်နိုင်စွမ်း ရှိတဲ့ အလှပြကွက်မျိုးကို ပြောင်းလဲ လေ့ကျင့်သင့်ကြောင်းနဲ့ သူ့တုန်းက အလှပြကွက်ပဲ ပြချင်နေတဲ့ ရိုနယ်ဒိုကို လေ့ကျင့်ရေးကွင်းမှာ ကန်ကာ အလှပြကွက်ထက် အသင်းအတွက် အသုံးဝင်တဲ့ လှုပ်ရှားမှုမျိုးတွေပဲ လုပ်ဆောင် ပညာပေးခဲ့သလို အန်တိုနီကိုလည်း ပညာပေးမယ့် လူတယောက် လိုအပ်နေပြီလို့ ဆိုလာပါတယ်။

Photo Credit: Metro

ပေါလ်စခိုးလ်က – “အန်တိုနီ တယောက် အလှကစားနေတာကို မြင်ရတာ တကယ်ကို ရယ်ချင်စရာ ကောင်းပါတယ်။ သူ့ရဲ့ အကွက်က အလှပြရုံသက်သက်ပါပဲ။ ပြိုင်ဘက်ကို ဒုက္ခပေးနိုင်စွမ်း မရှိပါဘူး။ ကျွန်တော်ကတော့ အန်တိုနီ တယောက် အသိတရား ဝင်သွားအောင် တယောက်ယောက်က သူ့ကို ကန်ပေးဖို့ လိုနေပြီလို့ပဲ ထင်ပါတယ်။ အန်တိုနီရဲ့ အလှပြကွက်က ဘာမှ အသုံးမဝင်ပါဘူး။ ဒါကြောင့် ကျွန်တော်ကတော့ အန်တိုနီ တယောက် အလှပြချင်ရင် ဒီထက် ပိုကောင်းတဲ့ အလှပြကွက် တခုကို လိုအပ်နေပြီလို့ပဲ ပြောချင်ပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။