စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်ရဲ့ ကွင်းလယ်လူ တဦး ဖြစ်သူ ဆာအူလ်က လာလီဂါအသင်း တသင်း ဖြစ်တဲ့ ဗလင်စီယာထံ ရာသီဝက်အငှားနဲ့ သွားရောက် ကစားဖို့ နီးစပ်နေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၈နှစ် အရွယ် စပိန်ကွင်းလယ်လူ ဆာအူလ် နီဂွက်စ်ဟာ တချိန်တုန်းက လာလီဂါပြိုင်ပွဲရဲ့ အကောင်းဆုံး ကွင်းလယ်လူတွေထဲက တဦး ဖြစ်ခဲ့ပေမယ့် ဒဏ်ရာပြဿနာတွေနဲ့ နေရာတခုထဲမှာ အတည်တကျ မကစားမှုတို့ကြောင့် နောက်ပိုင်းမှာ ခြေစွမ်းတွေ တတိတိနဲ့ ကျဆင်းလာခဲ့သူပါ။

Photo Credit: Marca

ဆာအူလ်က သူ့ရဲ့ ခြေစွမ်းကျဆင်းနေမှု ပြဿနာကို ဖြေရှင်းဖို့ အတွက် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အက်သလက်တီကို မက်ဒရစ် ကနေ ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးဆီ တရာသီအငှားနဲ့ သွားကစားခဲ့သေးပေမယ့် ပုံမှန် ကစားခွင့် မရခဲ့ပဲ စုစုပေါင်း ၁၂၀၉မိနစ်သာ ကစားခွင့် ရခဲ့သလို သွင်းဂိုးလည်း ၁ဂိုးသာ ရခဲ့ပါတယ်။

ဒါကြောင့်ပဲ ဆာအူလ်က ယခုနှစ် ဘောလုံးရာသီမှာ အက်သလက်တီကို မက်ဒရစ်ဆီ ပြန်လာခဲ့ရပြီး ဆာအူလ်က ယခုနှစ် ဘောလုံးရာသီမှာ အက်သလက်တီကို မက်ဒရစ် အတွက် ပြိုင်ပွဲစုံမှာ ၂၁ပွဲ ပါဝင် ကစားပေးထားရာ ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Marca

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဆာအူလ်က လက်ကျန် ရာသီဝက်မှာ အက်သလက်တီကို မက်ဒရစ် ကနေ ဗလင်စီယာထံ အငှားနဲ့ သွားရောက် ကစားဖို့ နီးစပ်နေပြီး ဗလင်စီယာနဲ့ အက်သလက်တီကို မက်ဒရစ်တို့ရဲ့ ကြားထဲမှာ ဆွေးနွေးမှုတွေ ပြုလုပ်နေရာ ဆွေးနွေးမှုတွေက နောက်ဆုံးအဆင့်ဆီ ရောက်နေကာ ဗလင်စီယာဟာ ဆာအူလ်ကို အငှားနဲ့ ခေါ်ယူထားစဉ် ကာလအတွင်းမှာ ဆာအူလ်ရဲ့ လုပ်ခလစာ အပြည့်ကို ပေးချေရမယ်လို့ သိရပါတယ်။

ဆာအူလ်က အက်သလက်တီကို မက်ဒရစ်နဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်တော့သူ ဖြစ်တာကြောင့် ဗလင်စီယာဆီ အငှားနဲ့ သွားရောက် ကစားလို့ အဆင်ပြေရင် အက်သလက်တီကို မက်ဒရစ် ကနေ ဗလင်စီယာဆီ အပြီးသတ် ပြောင်းရွှေ့သွားနိုင်ပြီး အက်သလက်တီကို မက်ဒရစ်ကလည်း ဆာအူလ်ကို စာချုပ်သစ် ချုပ်ဆိုဖို့ အစီအစဉ် မရှိတော့တာကြောင့် လာမယ့် နွေဈေးကွက်မှာ ရောင်းချသွားမယ်လို့ နီးစပ်သူတွေက ဆိုထားကြပါတယ်။