ပရီးမီးယားလိဂ် နာမည်ကြီးကလပ် နယူးကာဆယ်ရဲ့ အသင်းပိုင်ရှင် ဖြစ်တဲ့ ဆော်ဒီအဖွဲ့အစည်း PIFက အီတလီ စီးရီးအေ နာမည်ကြီးကလပ် ရိုးမားကို ပေါင် ၈၀၀သန်းဝန်းကျင်နဲ့ ဝယ်ယူဖို့ ကြိုးစားနေကြောင်း အီတလီ အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

Saudi Arabia’s Public Investment Fundရဲ့ (အတိုကောက် PIF) ဥက္ကဌက ဆော်ဒီတော်ဝင်မိသားစုရဲ့ အိမ်ရှေ့စံမင်းသား ဖြစ်တဲ့ ဘင် ဆယ်လ်မန် ဖြစ်တာကြောင့် PIFအဖွဲ့အစည်းဟာ ဆော်ဒီတော်ဝင်မိသားစုရဲ့ ကျောထောက်နောက်ခံပေးမှုကို ရရှိထားတဲ့ အဖွဲ့အစည်းလို့ ပြောရင်လည်း မမှားပါဘူး။

Photo Credit: Standard

PIFက နယူးကာဆယ်ကို ပိုင်ဆိုင်ခဲ့ပြီးနောက် ငွေကြေးအမြောက်အမြား အသုံးပြုကာ ကစားသမားသစ်တွေ ခေါ်ယူပေးခဲ့ပြီး သူတို့ရဲ့ အရည်အသွေးမြင့် ကစားသမားတွေကို ခေါ်ယူပေးမှုကြောင့်ပဲ နယူးကာဆယ်ဟာ ၂နှစ် ဆိုတဲ့ အချိန်တိုအတွင်း ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်းတွေကို ယှဉ်ပြိုင်နိုင်တဲ့ အနေအထားမျိုး အထိ ရောက်လာပါတယ်။

နယူးကာဆယ်ရဲ့ အောင်မြင်မှုတွေကြောင့်ပဲ PIFက ဥရောပမြေမှာ နောက်ထပ် နာမည်ကြီးအသင်း တသင်းကို ထပ်မံ ဝယ်ယူဖို့ ဆုံးဖြတ်လိုက်ပြီး PIFရဲ့ ပစ်မှတ်အသင်းကတော့ မကြာခင်ကမှ ယူရိုပါ ကွန်းဖရန့်လိဂ် ဆုဖလားကို သိမ်းပိုက်ထားနိုင်တဲ့ ရောမအခြေစိုက်ကလပ် ရိုးမားပဲ ဖြစ်ပါတယ်။

Photo Credit: Forbes

နာမည်ကြီး အီတလီ သတင်းဌာန တခု ဖြစ်တဲ့ Repubblicaရဲ့ ဖော်ပြချက်အရ PIFက ရိုးမားကို ပေါင် ၇၆၈သန်း ပေးချေကာ ဝယ်ယူဖို့ ဆွေးနွေးမှုတွေ အဆက်မပြတ် လုပ်ဆောင်နေပြီး ရိုးမားရဲ့ ပိုင်ရှင်တွေနဲ့ ဘုတ်အဖွဲ့ကလည်း သူတို့အသင်းကို ချမ်းသာကြွယ်ဝတဲ့ ဆော်ဒီရဲ့ လက်ထဲကို ထည့်ပေးချင်နေကြောင်း သိရှိရပါတယ်။

လက်ရှိမှာ အမေရိကန် သန်းကြွယ်သူဌေး မိသားစု ဖြစ်တဲ့ The Friedkin Groupက ပိုင်ဆိုင်ပြီး The Friedkin Groupဟာ ရိုးမားရဲ့ ရှယ်ယာ ၈၆.၆ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပြီး PIFက သူတို့ပိုင်ဆိုင်တဲ့ ရှယ်ယာအားလုံးကို ဝယ်ယူဖို့ ဆုံးဖြတ်ချက် ချထားကြောင်း နီးစပ်သူတွေက ဆိုထားပါတယ်။