ပီအက်စ်ဂျီအသင်းကတော့ သူတို့ရဲ့ အဓိက ကစားသမားလည်းဖြစ် အသင်းရဲ့ ဂိုးသွင်းစက်တစ်ဦးလည်းဖြစ်တဲ့ ကီလီယန် အမ်ဘာပေကို လာမယ့် ၂၀၂၄ခုနှစ်မှာ အသင်းကနေ အလွတ်နဲ့ မဆုံးရှုံးချင်လိုတာကြောင့် အခုနွေမှာပဲ ရောင်းချဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် ဥရောပ ကလပ်တွေနဲ့အပြိုင် ဆော်ဒီကလပ် အသင်းတွေပါ ဘာပေကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြပါတယ်။

Photo Credit : Twitter

 ဘာပေက ပီအက်စ်ဂျီနဲ့ ၂၀၂၄ခုနှစ် ဇွန်လမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပေမယ့် ဘာပေကို စာချုပ်သစ် ချုပ်ဆိုတုန်းက တစ်နှစ် သက်တမ်းတိုးခွင့် option ကိုပါ ထည့်သွင်း ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ် ဘာပေကတော့ အဲ့ဒီ option အတိုင်း သက်တမ်း ထပ်တိုးတော့မှာ မဟုတ်ပဲ မူလ စာချုပ်သက်တမ်းအရသာ ၂၀၂၄ခုနှစ်အထိ ပီအက်စ်ဂျီမှာ ကစားသွားမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါ့အပြင် ဘာပေက ၂၀၂၄မှာ ပီအက်စ်ဂျီကနေ အလွတ်နဲ့ ထွက်ခွာပြီး ရီးယဲလ် မက်ဒရစ်အသင်းဆီ free transfer နဲ့ ပြောင်းရွှေ့သွားဖို့ ကြိုတင် သဘောတူထားတယ်လို့ ပီအက်စ်ဂျီက ယူဆလာမိတာကြောင့် ဒီလိုမျိုး အဖြစ်မခံပဲ အခုနွေမှာပဲ အသင်းကနေ တစ်ခါတည်း ရောင်းချဖို့ စီစဉ်လိုက်ပါတယ်။

Photo Credit : Twitter

 ဘာပေလို အရည်အသွေး မြင့်မားလွန်းပြီး အသက် (၂၄)နှစ်သာ ရှိနေသေးတဲ့ ပြင်သစ် စူပါစတား ကစားသမားကို ကလပ်အသင်းတိုင်းက လိုချင်နေကြမှာ သေချာနေပြီး ချဉ်းကပ်မှုတွေလည်း လုပ်ဆောင်လာဖို့ ရှိနိုင်ပေမယ့် ပီအက်စ်ဂျီဘက်ကတော့ သူတို့ ကစားသမားအတွက် ယူရို သန်း (၂၀၀)လောက်အထိ အလိုရှိနေနိုင်တာကြောင့် ဒီလို ပမာဏမျိုးနဲ့ ဘယ်ကလပ်အသင်းက ကမ်းလှမ်းသွားနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

Photo Credit : Twitter

 ဒီအချိန်မှာ ဆော်ဒီကလပ်အသင်းတွေဘက်ကလည်း ဘာပေကို ကမ်းလှမ်းမှုတွေ စတင် လုပ်ဆောင်ချင်နေကြပြီး တကယ်လို့ ဘာပေအနေနဲ့ ၂၀၂၄မှာ ရီးယဲလ်ကို ပြောင်းဖို့အတွက် ဆော်ဒီမှာ တစ်ရာသီလေးပဲ လာရောက် ကစားပေးမယ်ဆိုရင်တောင် ဆော်ဒီကလပ်တွေက ဘာပေကို သေချာပေါက် ခေါ်ယူသွားနိုင်တယ်လို့ သိရပါတယ်။ ဘာပေ ကိုယ်တိုင်ကတော့ ဥရောပမှာပဲ ဘောလုံးသမားဘဝကို ဆက်လက် ဖြတ်သန်းလိုနေပြီး ပီအက်စ်ဂျီကတော့ သူတို့ အလိုရှိနေတဲ့ ဈေးနှုန်းမျိုးနဲ့သာ ကမ်းလှမ်းနိုင်တဲ့ ဘယ်အသင်းကိုမဆို ရောင်းချသွားဖို့ ရှိနေပါတယ်။