ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား လီရွိုင်း ဆာနေးက သူဟာ ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ မသေချာသေးပေမယ့် ဘိုင်ယန်မှာသာ ဆက်နေဖို့ ရာခိုင်နှုန်း များကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၇နှစ် အရွယ် ဂျာမဏီလက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဆာနေးက ယခုနှစ်ရာသီမှာ ဘိုင်ယန်မြူးနစ် အတွက် အထူး ခြေစွမ်းပြ ကစားနေသူ ဖြစ်ပြီး သူက ဘိုင်ယန်မြူးနစ် အတွက် ပြိုင်ပွဲစုံမှာ ၁၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၉ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၇ကြိမ် ရရှိထားပါတယ်။

Photo Credit: Mirror

ဆာနေးက ဟယ်ရီကိန်း ၊ ကိုးမန်း စတဲ့ ကစားသမားတွေနဲ့ တွဲဖက်ကာ ဘိုင်ယန်မြူးနစ်ရဲ့ တိုက်စစ်ကို အကောင်းဆုံး ဦးဆောင်ထားနိုင်ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ဘိုင်ယန်မြူးနစ်က သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေတာပါ။

ဆာနေးနဲ့ ဘိုင်ယန်မြူးနစ်တို့ ကြားထဲမှာ လက်ရှိ ချုပ်ဆိုထားတဲ့ စာချုပ်က ၂၀၂၅ခုနှစ် ဇွန်လမှာ ကုန်ဆုံးဖို့ ရှိနေပြီး ဘိုင်ယန်မြူးနစ်ကသာ ဆာနေးကို စာချုပ်သစ် မချုပ်ဆိုနိုင်ရင် ဆာနေးဟာ လာမယ့် ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ အကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းခွင့် ရမှာပဲ ဖြစ်ပါတယ်။

Photo Credit: Team Talk

လက်ရှိမှာတော့ ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေ ဖြစ်တဲ့ မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့က ဆာနေးရဲ့ စာချုပ်သစ် အခြေအနေကို စောင့်ကြည့်နေကြပြီး အကယ်၍ ဆာနေးသာ ယခုနှစ်ရာသီကုန်ချိန် အထိ ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သစ် အတွက် သဘောတူညီမှု မရသေးရင် လာမယ့် နွေဈေးကွက်မှာ ဆာနေးအတွက် ကမ်းလှမ်းမှုတွေ လုပ်ဖို့ စီစဉ်နေပါတယ်။

ဒါပေမယ့် ဆာနေးကတော့ သူ့ရဲ့ အနာဂတ်ကို ဆုံးဖြတ်ရာမှာ ဘိုင်ယန်မြူးနစ်မှာ ဆက်နေဖို့ကိုသာ အဓိက ဦးစားပေး အဖြစ် သတ်မှတ်ထားကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောပြလာခဲ့ပါတယ်။ ဆာနေးက – “ကျွန်တော့်ရဲ့ အနာဂတ် အတွက် ယတိပြတ် ဆုံးဖြတ်ထားတာမျိုး မရှိသေးပါဘူး။ အသင်းကတော့ ကျွန်တော်နဲ့ စာချုပ်သစ် အတွက် ဆွေးနွေးဖို့ စကားစထားပါတယ်။ လောလောဆယ်မှာ ကျွန်တော်က ဒီရာသီကို အကောင်းဆုံးပုံစံနဲ့ အဆုံးသတ်ဖို့ပဲ ဆုံးဖြတ်ထားပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ ကျွန်တော့်ရဲ့ ပထမ ဦးစားပေးပါ။ ဒါက သံသယဝင်စရာ မရှိပါဘူး” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။