ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ကတော့ ယမန်နေ့ညမှာ ယူရိုပါလိဂ် အုပ်စု ဒုတိယမြောက် ပွဲစဉ်အဖြစ် ရှရစ်ဖ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ အဓိက တိုက်စစ် ကစားသမားတွေ ဖြစ်ကြတဲ့ ဆန်ချို ၊ ရိုနယ်ဒိုတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ရှရစ်ဖ်ကို ၀-၂ ဆိုတဲ့ ရလဒ်နဲ့ သက်တောင့်သက်သာ အနိုင်ရရှိသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ယူရိုပါလိဂ် အုပ်စုအဖွင့်ပွဲ အဖြစ် ဆိုစီဒက်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့စဉ်က ၀-၁ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့တာကြောင့် နောက်တဆင့်ဆီ အုပ်စုဗိုလ်အဖြစ်နဲ့ တက်ရောက်နိုင်ဖို့ အတွက် လက်ကျန်ပွဲတွေမှာ အနိုင်ရလဒ်တွေ မဖြစ်မနေ ရယူနိုင်ဖို့ လိုအပ်နေပါတယ်။

Photo Credit: Sports Brief

မော်ဒိုဗာနိုင်ငံမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ရှရစ်ဖ် ၀-၂ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်က ပွဲစပွဲဆုံး ရှရစ်ဖ်ဘက်ကို တရစပ် တိုက်စစ်ဆင် ကစားသွားခဲ့ပြီး ရှရစ်ဖ်ကတော့ မန်ချက်စတာ ယူနိုက်တက်ကို တန်ပြန်တိုက်စစ်တွေ ကနေ တဆင့် ဒုက္ခပေးနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် တပွဲလုံးမှာ အပိုင် ဂိုးသွင်းခွင့် ၁ကြိမ်တောင်မှ မရခဲ့ပါဘူး။

အဆိုပါပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် အတွက် အဖွင့်ဂိုးကို လှလှပပ သွင်းယူပေးခဲ့တဲ့ ဂျေဒန် ဆန်ချိုကတော့ သူဟာ ဘာကြောင့် ဂိုးသွင်းယူပြီးနောက် ခြေအကာကို ထုတ်ကာ အောင်ပွဲခံခဲ့ရသလဲ ဆိုတဲ့ အချက်အား ရှင်းပြသွားခဲ့ပြီး ဆန်ချိုက သူဟာ ရှရစ်ဖ်နဲ့ ပွဲမစခင်မှာ ကလေး ပရိသတ်တဦးဆီမှ ခြေအကာလေးအား လက်ဆောင်ရခဲ့ကာ ကလေးငယ်က သူ့အား ခြေအကာကို ဝတ်ဆင် ကစားပေးဖို့ တောင်းဆိုခဲ့တာကြောင့် ဝတ်ဆင်ပေးခဲ့ကြောင်းနဲ့ သူဟာ ကလေးငယ် ပေးထားတဲ့ ခြေအကာကို ဝတ်ဆင်ထားတဲ့ အကြောင်းကို သက်သေပြနိုင်ဖို့ ခြေအကာကို ထောင်ပြီး သက်သေပြတာ ဖြစ်ကြောင်း ပြောကြားသွားပါတယ်။

Photo Credit: Sports Brief

ဆန်ချိုက – “ကလေးလေး တယောက်က ကျွန်တော့်ကို ဒီခြေအကာတွေ ပေးပြီးတော့ ဝတ်ပေးနိုင်မလား ဆိုပြီး မေးခဲ့ပါတယ်။ ကျွန်တော်ကလည်း “ရတာပေါ့။ ပြဿနာ မရှိဘူး” ဆိုပြီး ပြန်ဖြေခဲ့ပါတယ်။ ဒါကြောင့် အခု အောင်ပွဲခံတဲ့ ပုံစံက (ဂိုးသွင်းပြီးနောက် ခြေအကာအား ထောင်ကာ အောင်ပွဲခံမှု) ကျွန်တော်ဟာ သူ ပေးထားတဲ့ ခြေအကာကို ဝတ်ဆင် ကစားခဲ့တယ် ဆိုတာကို သူ သိသွားအောင်လို့ပါ” ဆိုပြီး ပြောကြားသွားခဲ့တာပါ။