ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် အဲရစ် တန်ဟက်ဂ်နဲ့ ပြဿနာ တက်ခဲ့တာကြောင့် အသင်းရဲ့ လူစာရင်း ကနေ ဖယ်ရှားခံထားရတဲ့ တောင်ပံတိုက်စစ် ကစားသမား ဂျေဒန် ဆန်ချိုက လာမယ့် အပြောင်းအရွှေ့ရာသီတွေမှာ အသင်းကနေ မထွက်ခွာချင်သေးပဲ ယူနိုက်တက်မှာ သူ့ရဲ့ ကစားသမား ဘဝကို ပြန်လည် ထူထောင်ချင်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၃နှစ် အရွယ် အင်္ဂလန် တောင်ပံတိုက်စစ် ကစားသမား ဂျေဒန် ဆန်ချိုက ၂၀၂၁ခုနှစ်မှာ ဒေါ့မွန် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၈၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ယူနိုက်တက်က သူ့ကို ခေါ်ယူနိုင်ဖို့ အတွက် ၂ရာသီ ကြာအောင် ကြိုးစားခဲ့ရတာပါ။

Photo Credit: Goal

မန်ချက်စတာ ယူနိုက်တက်က ဂျေဒန် ဆန်ချိုကို မျှော်လင့်တကြီးနဲ့ ခေါ်ယူခဲ့ပေမယ့် ဆန်ချိုဟာ ယူနိုက်တက်ဆီ ရောက်ရှိပြီးနောက်မှာ မျှော်လင့်ထားသလို ခြေစွမ်းကောင်းတွေ မပြသနိုင်ခဲ့သလို အဲရစ် တန်ဟက်ဂ်ရဲ့ လက်အောက်မှာလည်း ပုံမှန် ကစားခွင့် ရဖို့ ရုန်းကန်ခဲ့ရပါတယ်။

ဂျေဒန် ဆန်ချိုက ကစားခွင့် ရတဲ့ အချိန်တိုင်းမှာ ခြေစွမ်းပြလေ့ ရှိပေမယ့် သူဟာ လေ့ကျင့်ရေးကွင်းမှာ မကြိုးစားသလို စည်းကမ်းပိုင်း အားနည်းတဲ့ ကစားသမား တဦး ဖြစ်ပြီး သူ့ရဲ့ လေ့ကျင့်ရေးကွင်းမှာ အပါးခိုမှုကြောင့်ပဲ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်နဲ့ ဆန်ချိုတို့က လူသိရှင်ကြား ပြဿနာ တက်ခဲ့ပါတယ်။

တန်ဟက်ဂ်နဲ့ ဆန်ချိုတို့ရဲ့ ပြဿနာ ဖြစ်ပွားပြီးနောက် မန်ချက်စတာ ယူနိုက်တက်က ဆန်ချိုကို အသင်းရဲ့ လူစာရင်း ကနေ ဖယ်ရှားခဲ့ပြီး နည်းပြချုပ် တန်ဟက်ဂ်ကို အသင်းဖော်တွေ ရှေ့မှာ ပြန်တောင်းပန်မှ အသင်းဆီ ပြန်ခေါ်မယ်လို့ အသိပေးခဲ့ပေမယ့် ဆန်ချိုကတော့ တန်ဟက်ဂ်ကို ပြန်လည် တောင်းပန်ဖို့ ငြင်းဆန်နေဆဲ ဖြစ်ပါတယ်။

Photo Credit: Goal

နာမည်ကြီး ဂျာမဏီသတင်းထောက် ပလက်တန်ဘက်ရဲ့ အဆိုအရ ဆန်ချိုဟာ လာမယ့် ဆောင်းဈေးကွက်မှာ အသင်းဟောင်း ဒေါ့မွန်ဆီ ပြန်ပြောင်းဖို့ စိတ်ကူးရှိနေပေမယ့် သူ့ရဲ့ ဦးစားပေးက မန်ချက်စတာ ယူနိုက်တက်မှာ ကစားသမား ဘဝ ပြန်လည် ထူထောင်နိုင်ဖို့ ဖြစ်ပြီး လာမယ့် ရက်ပိုင်းအတွင်းမှာ ဆန်ချိုဟာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးဖွယ် ရှိနေကြောင်း သိရပါတယ်။

ယူနိုက်တက်နည်းပြချုပ် အဲရစ် တန်ဟက်ဂ်ကတော့ ဆန်ချိုဟာ အသင်းမှာ ပြန်ကစားချင်ရင် ဘာလုပ်ရမလဲ ဆိုတာကို သိထားကြောင်းနဲ့ အကယ်၍ ဆန်ချိုကသာ အသင်းရဲ့ တောင်းဆိုမှုကို လိုက်လျောခဲ့ရင် ဆန်ချိုကို လူစာရင်းထဲ ပြန်ထည့်ကာ ပွဲကစားခွင့် ပေးသွားမယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ပြောထားပါတယ်။