မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွက် အသင်းလိုက် ဓါတ်ပုံ ရိုက်ကူးမှု ပြုလုပ်ချိန်မှာ အသင်းနည်းပြ အဲရစ် တန်ဟက်ဂ်နဲ့ တင်းမာမှုတွေ ရှိနေတဲ့ တောင်ပံကစားသမား ဂျေဒန် ဆန်ချိုကို ချန်လှပ်ထားခဲ့တာကြောင့် ဆန်ချိုရဲ့ အနာဂတ်က ပြီးဆုံးသွားခဲ့ပြီလို့ ယူဆလာကြပါတယ်။

ဒီလို အသင်းလိုက် ဓါတ်ပုံ ရိုက်ကူးမှုမှာ အသင်းအတွက် ပွဲကစားခွင့် သိပ်မရထားသလို နွေတုန်းက အသင်းအပြောင်းအလဲ ဖြစ်ပေါ်ဖို့ပါ ရှိခဲ့ဖူးတဲ့ ဒွန်နီ ဗန်ဒီဘိခ် နဲ့ တွမ် ဟီတန်တို့ ပါဝင်လာခဲ့ပေမယ့်လည်း ဆန်ချိုကတော့ ပါဝင်လာခြင်း မရှိပဲ ချန်လှပ်ခံခဲ့ရပါတယ်။

Photo Credit : Clutch Points

အာဆင်နယ် နဲ့ ယူနိုက်တက်တို့ ပွဲစဉ်အပြီး နည်းပြတန်ဟက်ဂ်ရဲ့ သူ့အပေါ် ပြောစကားတွေကို လက်မခံနိုင်လို့ ပြန်လည် တုံ့ပြန်ရင်း နှစ်ဦးကြား တင်းမာမှုတွေ ဖြစ်ပေါ်လာခဲ့ရင်း စီနီယာအသင်းနဲ့ လေ့ကျင့်ခန်းဆင်းမှုတွေ အကုန်လုံး ပိတ်ပင်ခံရသလို အသင်းဘက်ကလည်း ဆန်ချိုကို တန်ဟက်ဂ်ထံ ပြန်တောင်းပန်ဖို့ပါ မှာကြားထားခဲ့ပါတယ်။

ဒါပေမယ့် ဆန်ချိုကတော့ အခုချိန်ထိ တန်ဟက်ဂ်ကို ပြန်လည် တောင်းပန်ထားခြင်း မရှိသေးတဲ့အတွက် လာမယ့် ဆောင်းဈေးကွက်မှာပဲ ဆန်ချိုကို အသင်းကနေ ရှင်းထုတ်ဖို့ ပြင်ဆင်လာခဲ့ပြီး သူ့ကိုလည်း အသင်းဟောင်း ဒေါ့မွန် အပါအဝင် ဘာစီလိုနာ နဲ့ ဂျုဗင်တပ်စ်တို့က စိတ်ဝင်စားနေကြပါတယ်။

Photo Credit : Manchester Evening News

အသက် (၂၃)နှစ်အရွယ်ရှိ အင်္ဂလန် လက်ရွေးစင်ဟောင်း ဆန်ချိုဟာ မန်စီးတီး လူငယ်အသင်းကနေ ဒေါ့မွန်အသင်းဆီ ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း အကောင်းဆုံး စွမ်းဆောင်မှုတွေ ပြသထားနိုင်ခဲ့ပေမယ့်လည်း ယူနိုက်တက်အသင်းဆီ ရောက်ရှိလာချိန်မှာတော့ ရုန်းကန်မှုတွေ ရှိခဲ့ရပါတယ်။

ဒါ့အပြင် အခုလို အခြေအနေတွေ ရင်ဆိုင်နေရတဲ့ ဆန်ချိုဟာ သူ့အသင်းဟောင်း ဒေါ့မွန်ကို ပြန်သွားဖို့ ဆန္ဒရှိနေပြီး ဒေါ့မွန်ကလည်း ဆန်ချိုကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြန်လည် ခေါ်ယူဖို့ ရှိနေရာ ယူနိုက်တက်ဘက်က ဆန်ချိုရဲ့ လစာတစ်စိတ်တစ်ပိုင်းကိုပါ ပေးချေသွားရဖွယ် ရှိနေပါတယ်။