ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးကလပ်တွေ ဖြစ်တဲ့ အာဆင်နယ်နဲ့ မန်ယူတို့ နှစ်သင်းစလုံးမှာ ကစားခဲ့ဖူးတဲ့ ချီလီကြယ်ပွင့် ဆန်းချက်ဇ်ကတော့ ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ပွဲစဉ်မှာ အာဆင်နယ်ကို အားပေးသွားမယ်လို့ သူ့ရဲ့ လူမှုကွန်ယက်အကောင့်မှာ ရေးသား ဖော်ပြသွားခဲ့ပါတယ်။

အသက် ၃၄နှစ် အရွယ် ချီလီလက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဆန်းချက်ဇ်ဟာ တချိန်တုန်းက ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး တောင်ပံကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရသူ ဖြစ်ပြီး သူက အာဆင်နယ်နဲ့အတူ အက်ဖ်အေဖလား ၂ကြိမ်နဲ့ ကွန်မြူနတီဒိုင်း ၁ကြိမ်တို့ကို ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

ဆန်းချက်ဇ်က အာဆင်နယ်နဲ့အတူ သူ့ကစားသမားဘဝရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို ရခဲ့ပေမယ့် ၂၀၁၈ခုနှစ်မှာတော့ အာဆင်နယ်ကနေ မန်ချက်စတာ ယူနိုက်တက်ဆီ တိုက်ရိုက် ပြောင်းရွှေ့ခဲ့ပြီး အဲ့ဒီ အပြောင်းအရွှေ့ကြောင့် ဆန်းချက်ဇ်ဟာ အာဆင်နယ် ပရိသတ်တွေရဲ့ အမုန်းကို ခါးစီးခံခဲ့ရပေမယ့် သူဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လုပ်ခလစာ အမြင့်ဆုံး ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်ကိုပါ ရခဲ့ပါတယ်။

ဆန်းချက်ဇ်က မန်ချက်စတာ ယူနိုက်တက်မှာ စံချိန်တင် လုပ်ခလစာ တရပ် ရခဲ့ပေမယ့် အာဆင်နယ်မှာလို မအောင်မြင်ခဲ့ပဲ သူက မန်ချက်စတာ ယူနိုက်တက်နဲ့အတူ ဆုဖလားတွေ မရခဲ့သလို ပုံမှန် ခြေစွမ်းပြဖို့တောင် ရုန်းကန်ခဲ့ရတာကြောင့် ၂၀၂၀ခုနှစ်မှာ မန်ချက်စတာ ယူနိုက်တက် ကနေ အင်တာမီလန်ဆီ အလွတ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

Photo Credit: Sky Sports

လက်ရှိမှာတော့ ဆန်းချက်ဇ်က ပြင်သစ်နာမည်ကြီးကလပ် မာဆေးလ်မှာ ကစားနေပြီး ဆန်းချက်ဇ်က သူဟာ အာဆင်နယ်ကို အမြဲတမ်း အားပေးနေမှာ ဖြစ်သလို အာဆင်နယ်ဟာ သူ့ရဲ့ ပထမဦးဆုံး မိသားစု ဖြစ်ကြောင်း အာဆင်နယ်ရဲ့ တရားဝင်ပေ့ချ်ကနေ တင်ခဲ့တဲ့ သူ့ရဲ့ အာဆင်နယ် အသင်းသား အဖြစ် မန်ချက်စတာ ယူနိုက်တက်ဘက်ကို ဂိုးသွင်းခဲ့တဲ့ ဗွီဒီယို တပုဒ်ကို My Dayမှာ တင်ရင်း သူ့ရဲ့ သဘောထားအမှန်ကို ပြသသွားခဲ့ပါတယ်။

ဆန်းချက်ဇ်က – “မင်းတို့က (အာဆင်နယ်ကို ရည်ညွှန်းလျက်) ငါ့ကို မှတ်မိနေသေးတာပဲ။ ငါကလည်း အာဆင်နယ်ကို ဘယ်တော့မှ မမေ့ပါဘူး။ အာဆင်နယ်က အမြဲတမ်း ငါ့ရဲ့ နှလုံးသားထဲမှာ ရှိနေမယ့် အသင်းပါ။ အာဆင်နယ်က အင်္ဂလန်မြေမှာ ရခဲ့တဲ့ ငါ့ရဲ့ ပထမဦးဆုံး မိသားစုပဲ။ ပြီးတော့ အာဆင်နယ် ပရိသတ်တွေနဲ့ အာဆင်နယ်ရဲ့ ဝန်ထမ်းတွေ အားလုံးက ငါ့ကို ဂရုစိုက်ခဲ့ကြတယ်။ ဂန်းနားတွေ အားလုံး အကောင်းဆုံး အရာတွေပဲ ရပါစေ”လို့ သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ တင်ရင်း သူက အာဆင်နယ်ကို အားပေးနေမယ့် အကြောင်း ပြောကြားသွားခဲ့တာပါ။