ချယ်လ်ဆီးအသင်းရဲ့ စပိန် ဂိုးသမားဖြစ်သူ ရောဘတ် ဆန်းချက်ဇ်က ဒီရာသီမှာ သူတို့အသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ်မှာ Top 4 ရပ်တည်မှုနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိသွားနိုင်တယ်လို့ ဝန်ခံ ပြောဆိုလိုက်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဒီရာသီအစပိုင်းအတွင်း ရလဒ်ပိုင်း တည်ငြိမ်မှု သိပ်မရှိခဲ့ပေမယ့်လည်း နောက်ပိုင်းပွဲတွေမှာတော့ စပါးကို အနိုင်ယူပြီး မန်စီးတီးကိုပါ သရေကစားလာနိုင်ခဲ့သလို အသင်းရဲ့ ကစားဟန်ကလည်း ပိုမို ကောင်းမွန်လာခဲ့ပါတယ်။

Photo Credit : Goal

ဒါကြောင့် ချယ်လ်ဆီး ဂိုးသမား ဆန်းချက်ဇ်က သူတို့အသင်းအနေနဲ့ မကြာခင်မှာပဲ လက်ရှိ အဆင့်ရပ်တည်မှုကနေ ပိုမို မြင့်မားတဲ့ အဆင့်ထိ တက်လှမ်းနိုင်လိမ့်မယ်လို့ ယုံကြည်နေတာပဲ ဖြစ်ပါတယ်။ “ကျွန်တော်တို့က တစ်ပွဲပြီးတစ်ပွဲသာ လုပ်ဆောင်နေပေမယ့်လည်း တက်နိုင်သလောက်တော့ အကောင်းဆုံး လုပ်ဆောင်သွားချင်ပါတယ်။”

“နောက်ပြီး ကျွန်တော်တို့တွေ ဥရောပဝင်ခွင့် ဒါမှမဟုတ် ချန်ပီယံလိဂ်ဝင်ခွင့်တွေ ပြန်လည် ရရှိဖို့ကိုလည်း မျှော်လင့်ထားပါတယ်။ ပွဲတိုင်းမှာ ဆက်လက်ပြီး တိုးတက်ကောင်းမွန်နေမယ် ရမှတ်တွေလည်း စုဆောင်းနိုင်မယ်ဆိုရင်တော့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှ်ိဖို့ ဖြစ်နိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။”

Photo Credit : We Ain’t Got No History

“ဒါက ကြီးမားတဲ့ တောင်းဆိုမှုကြီးတစ်ခု ဖြစ်နေပေမယ့်လည်း ကျွန်တော်တို့မှာ တိုက်ပွဲဝင်စိတ်တွေ ယုံကြည်မှုတွေ ကျွန်တော် သွားချင်တဲ့နေရာကို အရောက်လှမ်းနိုင်မယ့် ယုံကြည်ချက် နဲ့ အရည်အသွေးတွေလည်း ရှိနေပါတယ်။” လို့ ရောဘတ် ဆန်းချက်ဇ်က ကြုံးဝါး ပြောဆိုထားပါတယ်။

ချယ်လ်ဆီးအသင်းက လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့် (၁၀)နေရာထိ ရောက်ရှိနေပြီး အဆင့် (၄)နေရာက စပါးအသင်းနဲ့ ရမှတ် (၁၀)မှတ်အထိ ကွာဟနေပေမယ့်လည်း ဂိုးသမား ဆန်းချက်ဇ်ကတော့ သူတို့အသင်းအနေနဲ့ အကောင်းဆုံး ဆက်လက် လုပ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။