ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်ရဲ့ အဓိက ​ဗဟိုနောက်ခံလူ ဆာလီဘာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လီဗာပူး ၁-၁ အာဆင်နယ် ပွဲစဉ်မှာ သူတို့ရဲ့ အသင်းခေါင်းဆောင် အိုဒီဂတ် တယောက် ပင်နယ်တီဧရိယာထဲမှာ လက်ထိခဲ့မှုဟာ ပင်နယ်တီ ပေးသင့်တဲ့ ကိစ္စ ဖြစ်ကြောင်း ပွဲပြီးအင်တာဗျူးမှာ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အဆင့်(၁) အာဆင်နယ်နဲ့ အဆင့်(၂) လီဗာပူးတို့က ယနေ့မနက် အစောပိုင်းမှာ ပရီးမီးယားလိဂ် ပွဲစဉ်(၁၈) အဖြစ် လီဗာပူးရဲ့ အိမ်ကွင်း အန်ဖီးလ်မှာ ယှဉ်ပြိုင် ကစားခဲ့ကြရာ တဖက် တဂိုးစီနဲ့ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

Photo Credit: Football 365

လီဗာပူး ၁-၁ အာဆင်နယ် ပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးခဲ့ကြပြီး ဧည့်သည် အာဆင်နယ်က ပွဲစတာနဲ့ တရစပ် တိုက်စစ်ဆင် ကစားခဲ့တာကြောင့် ပွဲချိန် ၄မိနစ်မှာပဲ ဗဟိုနောက်ခံလူ ဂါဘရီရယ်က အာဆင်နယ် အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ဒါပေမယ့် အာဆင်နယ်ရဲ့ ဦးဆောင်မှုက ကြာကြာမခံခဲ့ပဲ ပွဲချိန် ၂၉မိနစ်မှာတော့ မိုဟာမက် ဆာလာက လီဗာပူးအတွက် ချေပဂိုး ပြန်သွင်းပေးခဲ့ပါတယ်။ တဖက် တဂိုးစီ သရေရလဒ် ဖြစ်သွားပြီးနောက် နှစ်သင်းစလုံးက အနိုင်ဂိုး ရရှိဖို့ ကြိုးစားခဲ့ပေမယ့် နောက်ထပ် သွင်းဂိုးတွေ ထပ်မရခဲ့သလို ပွဲချိန် ၁၉မိနစ်မှာ အာဆင်နယ် အသင်းခေါင်းဆောင် အိုဒီဂတ် တယောက် ဂိုးဧရိယာအတွင်းမှာ လက်ထိခဲ့ပေမယ့် VARနဲ့ ကွင်းလယ်ဒိုင်က အိမ်ရှင် လီဗာပူးကို ပင်နယ်တီ ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

Photo Credit: Standard

ဒါကြောင့်ပဲ ပွဲပြီးဆုံးချိန်မှာ လီဗာပူးနည်းပြချုပ် ကလော့ပ်က အိုဒီဂတ်ရဲ့ လက်ထိဘောကို ပင်နယ်တီ မပေးခဲ့တဲ့ ဆုံးဖြတ်ချက် အပေါ် ဝေဖန်မှုတွေ လုပ်ခဲ့သလို အာဆင်နယ်ခံစစ်မှူး ဆာလီဘာကလည်း အိုဒီဂတ်ရဲ့ လက်ထိဘောဟာ ပင်နယ်တီ ပေးသင့်တဲ့ လုပ်ရပ် ဖြစ်ကြောင်း ဝန်ခံလာပါတယ်။

ဆာလီဘာက – “သေချာတာပေါ့။ အဲ့ဒီဖြစ်ရပ်က ပင်နယ်တီ ပေးရမယ့် ဖြစ်ရပ်ပါ။ ဒါပေမယ့် ကျွန်တော်က ဒိုင်လူကြီး မဟုတ်ပါဘူး။ ဒါကြောင့် ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို သူတို့တွေ လက်ခံရပါမယ်” လို့ အိုဒီဂတ်ရဲ့ လက်ထိဘောဖြစ်ရပ်နဲ့ ပတ်သတ်ပြီး ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။