ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ အဓိက တိုက်စစ်မှူး မိုဟာမက် ဆာလာကတော့ လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရတဲ့ နယ်သာလန်လူမျိုး နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်ဟာ ထိပ်တန်းနည်းပြ တဦး ဖြစ်ကြောင်း မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့ရဲ့ အင်္ဂလန်ဒါဘီ ပွဲစဉ်မတိုင်မီ ထုတ်ဖော် ချီးကျူးသွားခဲ့ပါတယ်။

အေဂျက်နဲ့အတူ အောင်မြင်မှုပေါင်း များစွာ ရယူနိုင်ခဲ့တဲ့ နယ်သာလန်လူမျိုး ထိပ်တန်းနည်းပြ ဖြစ်သူ အဲရစ် တန်ဟက်ဂ်က အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် သူ့ရဲ့ ပထမဦးဆုံး ပရီးမီးယားလိဂ် ပွဲစဉ် ၂ပွဲမှာ အရှုံးရလဒ်တွေနဲ့သာ ရင်ဆိုင်ခဲ့ရပြီး ဝေဖန်မှု တချို့နဲ့ ရင်ဆိုင်နေရသူပါ။

Photo Credit: Mirror

မန်ချက်စတာ ယူနိုက်တက်က တန်ဟက်ဂ်ရဲ့ အဖွင့်ပွဲ ၂ပွဲမှာ ဘရိုက်တန်နဲ့ ဘရန့်ဖို့ဒ်တို့လို အသင်းငယ်တွေကို ဂိုးပြတ် ၊ ခြေပြတ် ရှုံးနိမ့်ထားသလို ယခုတပတ်မှာလည်း သူတို့ထက် အင်အားပိုကောင်းနေတဲ့ ဒါဘီပြိုင်ဘက် လီဗာပူးနဲ့ ရင်ဆိုင် ကစားရဖို့ ရှိနေတာကြောင့် ရလဒ်ကောင်း ပြန်ယူနိုင်ဖို့ မသေချာသေးပါဘူး။

ဒါကြောင့် အဲရစ် တန်ဟက်ဂ်အနေနဲ့ ယူနိုက်တက် နည်းပြဘဝ အစမှာတင် ၃ပွဲဆက် ရှုံးနိမ့်ဖို့ အလားအလာ များပြားနေသလို အချိန်ကြာလာတာနဲ့အမျှ သူ့အပေါ် ဖိအားတွေလည်း ပိုတိုးလာနေပြီး လီဗာပူးရဲ့ အဓိက တိုက်စစ်မှူး ဆာလာကတော့ မန်ချက်စတာ ယူနိုက်တက်ဟာ လက်ရှိမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရပေမယ့် ရင်ဆိုင်ရခက်တဲ့ ထိပ်တန်းအသင်း တသင်း အဖြစ် ရှိနေဆဲ ဖြစ်သလို တန်ဟက်ဂ်ကလည်း ထိပ်တန်းနည်းပြ တဦး ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

Photo Credit: Mirror

ဆာလာက – “ကျွန်တော်ကတော့ ဒီပွဲဟာ လွယ်ကူတဲ့ပွဲ ဖြစ်လိမ့်မယ်လို့ မထင်ထားပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ယူနိုက်တက်က အခုချိန်အထိ ထိပ်တန်း ကစားသမားတွေ ရှိနေတဲ့ ထိပ်တန်းအသင်း တသင်း ဖြစ်နေဆဲမို့လို့ပါ။ ဒါကြောင့် ကျွန်တော်က သူတို့အသင်းကို လေးစားမှု အပြည့် ရှိပါတယ်။ ပြီးတော့ သူတို့က ကျွန်တော်တို့ကို အနိုင်ယူနိုင်အောင် အစွမ်းကုန် ကြိုးစားလာလိမ့်မယ်လို့ ထင်ပါတယ်။ ဒါကြောင့် ဒီပွဲက လွယ်ကူမယ့်ပွဲ မဟုတ်သလို ကျွန်တော်ကလည်း ဒီပွဲမှာ ငါတော့ ၁ဂိုး သွင်းလိုက်မယ် ၊ ၂ဂိုး သွင်းလိုက်မယ် ၊ ၃ဂိုး သွင်းလိုက်မယ် ဆိုပြီး မတွေးထားပါဘူး။ ဒီပွဲက အရမ်းကို ခက်ခဲတဲ့ပွဲ ဖြစ်လာမယ် ဆိုတာ သေချာ သိပါတယ်။ ယူနိုက်တက်မှာ ထိပ်တန်း ကစားသမားတွေ ရှိသလို တန်ဟက်ဂ်ကလည်း ထိပ်တန်းနည်းပြ တဦးပါ။ ဒါကြောင့် ယူနိုက်တက်နဲ့ပွဲက ဘယ်လိုမှ လွယ်ကူမယ် မထင်ပါဘူး” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။