ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ ဘူကာယို ဆာကာက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အာဆင်နယ် ၅-၀ နော်တင်ဟမ် ဖောရက်စ် ပွဲစဉ်မှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ကစားရမယ့် အာဆင်နယ်ရဲ့ ပွဲစဉ်တွေ အားလုံးကို လွဲချော်ဖွယ် ရှိနေပါတယ်။

အာဆင်နယ်က ပရီးမီးယားလိဂ် ပွဲစဉ်(၁၄) အဖြစ် နော်တင်ဟမ် ဖောရက်စ်ကို အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံ ကစားခဲ့ရာ ပွဲစပွဲဆုံး ခြေစွမ်းအသာနဲ့ ကစားသွားနိုင်ခဲ့သလို လူစားဝင် တောင်ပံကစားသမား နယ်ဆန်ရဲ့ ထူးရှယ် ခြေစွမ်းတွေနဲ့အတူ ၅-၀ ဆိုတဲ့ ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့ပါတယ်။

Photo Credit: Sky Sports

အာဆင်နယ် ၅-၀ နော်တင်ဟမ် ဖောရက်စ် ပွဲစဉ်မှာ အာဆင်နယ် အတွက် သွင်းဂိုးတွေကို ဒဏ်ရာကြောင့် ထွက်သွားရတဲ့ ဆာကာရဲ့ နေရာကို အစားဝင်လာတဲ့ နယ်ဆန်က ၂ဂိုး ၊ မာတီနယ်လီက ၁ဂိုး ၊ ပါတေးက ၁ဂိုးနဲ့ အိုဒီဂတ်က ၁ဂိုး အသီးသီး သွင်းယူပေးခဲ့ကြတာပါ။

အဆိုပါပွဲစဉ်မှာ အာဆင်နယ်ရဲ့ အဓိက တိုက်စစ်ကစားသမားလို့ ဆိုရမယ့် ဘူကာယို ဆာကာဟာ ပထမပိုင်း ပွဲကစားချိန် အတွင်းမှာပဲ ဒဏ်ရာရသွားတာကြောင့် နယ်ဆန်နဲ့ လူစားလဲခဲ့ရပြီး ဆာကာဟာ လူစားလဲကာ ကွင်းထဲကနေ ထွက်သွားချိန်မှာ နာကျင်နေခဲ့သလို အဝတ်လဲခန်းထဲကို တိုက်ရိုက် ဝင်သွားခဲ့တာကြောင့် သူ့ရဲ့ ဒဏ်ရာဟာ အနည်းငယ် ပြင်းထန်ပုံရပါတယ်။

ဆာကာက အာဆင်နယ်နဲ့ အင်္ဂလန်တို့ အတွက် အရေးပါတဲ့ ကစားသမား ဖြစ်တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပဖို့ နီးကပ်နေချိန်မှာ အခုလို ဒဏ်ရာရသွားတာကြောင့် အင်္ဂလန် ပရိသတ်တွေက ဆာကာ အတွက် စိတ်ပူနေကြပြီး အာဆင်နယ်နည်းပြ အာတီတာကတော့ ဆာကာရဲ့ ဒဏ်ရာဟာ အနည်းငယ် ပြင်းထန်ကြောင်း ဝန်ခံခဲ့ပေမယ့် ဆာကာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖို့ မျှော်လင့်ထားကြောင်း ဆိုလာပါတယ်။

Photo Credit: Sky Sports

အာတီတာက – “ကျွန်တော်ကတော့ ဆာကာ တယောက် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ မလွဲချော်ဖို့ မျှော်လင့်ထားပါတယ်။ ပြိုင်ဘက် ကစားသမား တယောက်က ဆာကာကို ကန်ခဲ့ပြီး အဲ့ဒီဒဏ်ရာကြောင့်ပဲ ဆာကာက ထော့နဲ့ ထော့နဲ့ ဖြစ်သွားခဲ့တာပါ။ အခုတော့ သူ့ရဲ့ အခြေအနေကို အသေးစိတ် မသိရသေးပါဘူး။ ဒါပေမယ့် လာမယ့် ရက်အနည်းငယ် အတွင်းမှာ သူ့ရဲ့ ဒဏ်ရာအကြောင်းကို အသေးစိတ် သိရပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

အာဆင်နယ်က ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီမှာ ဇူးရစ် ၊ ချယ်လ်ဆီး ၊ ဘရိုက်တန် ၊ ဝုလ်ဗ် စတဲ့ အသင်းတွေ ရင်ဆိုင် ကစားရဖို့ ရှိနေတာကြောင့် ဆာကာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကြံ့ခိုင်မှု အပြည့်နဲ့ ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖို့ အတွက် အဆိုပါ ၄ပွဲစလုံးကို ဝင်ရောက် ကစားနိုင်ချေ နည်းပါးနေပါတယ်။