ပရီးမီးယားလိဂ် နာမည်ကြီးကလပ်တွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အဲဗာတန်တို့ရဲ့ တိုက်စစ်မှူးဟောင်း တဦး ဖြစ်သူ ဆာဟာကတော့ လက်စတာ စီးတီး ကွင်းလယ်ကြယ်ပွင့် တိုင်လီမန်းအနေနဲ့ လက်စတာ စီးတီးကနေ ထွက်ခွာရင် အာဆင်နယ်ထက် မန်ချက်စတာ ယူနိုက်တက်ဆီသာ ပြောင်းရွှေ့ ကစားသင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ်လူ တိုင်လီမန်းက လက်စတာ စီးတီးရဲ့ အဓိက ကွင်းလယ်လူ တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ယခု နွေဈေးကွက် အတွင်းမှာ လက်စတာ စီးတီးကို စွန့်ခွာပြီး အသင်းကြီး တသင်းဆီ ပြောင်းရွှေ့ချင်နေတဲ့ ကစားသမား တဦး ဖြစ်ကာ တိုင်လီမန်းဟာ လက်စတာ စီးတီးရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကိုလည်း ငြင်းဆန် ပယ်ချထားပါတယ်။

Photo Credit: Daily Star

လက်ရှိမှာ ပရီးမီးယားလိဂ် အသင်းကြီးတွေ ဖြစ်တဲ့ အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက် နှစ်သင်းစလုံးက တိုင်လီမန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး နှစ်သင်းစလုံးရဲ့ တာဝန်ရှိသူတွေက တိုင်လီမန်းရဲ့ အေးဂျင့်ထံ ဆက်သွယ်ကာ အပြောင်းအရွှေ့ အတွက် ညှိနှိုင်းမှုတွေလည်း စတင် ပြုလုပ်ထားပါတယ်။

လက်စတာ စီးတီးကတော့ အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့သလို စာချုပ်သစ် ချုပ်ဖို့လည်း ငြင်းဆန်ထားတဲ့ တိုင်လီမန်းကို ယခု နွေဈေးကွက် အတွင်းမှာပဲ ပြောင်းရွှေ့ကြေး ပေါင် ၃၀သန်း ဝန်းကျင်နဲ့ ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်မှူးဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဆာဟာက တိုင်လီမန်းကို မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ အကြံပေးသွားခဲ့ပါတယ်။

Photo Credit: Daily Star

ဆာဟာက – “ကျွန်တော်ကတော့ တိုင်လီမန်းကို အကြံပေးရရင် မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းဖို့ပဲ အကြံပေးချင်ပါတယ်။ တိုင်လီမန်းက မန်ချက်စတာ ယူနိုက်တက်နဲ့ အမြဲတမ်း အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ ကစားသမားကောင်း တဦးပါ။ အခုမှ မဟုတ်ပါဘူး။ သူ အန်ဒါလက်ချ်မှာ ကစားနေထဲက မန်ချက်စတာ ယူနိုက်တက်နဲ့ သူ့ရဲ့ ကြားမှာ အဆက်အသွယ်တွေ ရှိခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်က သူ့ကို အာဆင်နယ်ကို ငြင်းပြီး မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းဖို့ပဲ အကြံပေးပါ့မယ်” ဆိုပြီး ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။