ဆောင်းဈေးကွက် ပိတ်သိမ်းဖို့ နာရီပိုင်း အလိုမှာပဲ ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်ကနေ အင်္ဂလန် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ဆီ ရာသီဝက်အငှားနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဆာဘစ်ဇာက သူဟာ ဘိုင်ယန်မြူးနစ် ကနေ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းဖို့ တစ်စက္ကန့်တောင် မစဉ်းစားပဲ သဘောတူခဲ့တာ ဖြစ်ကြောင်း မန်ချက်စတာ ယူနိုက်တက် ကစားသမား ဘဝ ပထမဦးဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၈နှစ် အရွယ် ဩစတီးယား လက်ရွေးစင် ကွင်းလယ်လူ ဆာဘစ်ဇာက ရက်ဘူးလ် လိုက်ပ်ဇစ်နဲ့အတူ ဥရောပ ဘောလုံးဇာတ်ခုံပေါ်မှာ ကျော်ကြားလာသူ ဖြစ်ပေမယ့် လိုက်ပ်ဇစ်ကနေ ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ပြီးနောက်မှာ ထင်ထားသလို ခြေစွမ်းကောင်းတွေ မပြနိုင်ခဲ့ပါဘူး။

Photo Credit: Daily Star

ဆာဘစ်ဇာက ယခုနှစ် ဘောလုံးရာသီမှာလည်း ဘိုင်ယန်မြူးနစ် အတွက် ပြိုင်ပွဲစုံမှာ စုစုပေါင်း ၁၀၀၇မိနစ်သာ ကစားခွင့် ရထားပြီး အဆိုပါ ၁၀၀၇မိနစ် အတွင်းမှာ ဆာဘစ်ဇာက အသင်းအတွက် သွင်းဂိုး ၁ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ကြိမ် ရအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။

ဆာဘစ်ဇာက ဘိုင်ယန်မြူးနစ်မှာ ပုံမှန် ကစားခွင့် ရဖို့ ရုန်းကန်နေရသူ ဖြစ်ပေမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ကွင်းလယ် နေရာစုံမှာ ကစားနိုင်စွမ်း ရှိတဲ့ ဆာဘစ်ဇာကို သဘောကျပြီး အဲရစ်ဆင် တယောက် ဒဏ်ရာကြောင့် ၃လကြာ အနားယူရမယ့် အကြောင်း သိလိုက်ရတဲ့ အချိန်မှာပဲ မန်ချက်စတာ ယူနိုက်တက်က ဆာဘစ်ဇာကို အငှားနဲ့ ခေါ်ယူဖို့ ချက်ချင်း ကြိုးပမ်းခဲ့ပါတယ်။

 

Photo Credit: Daily Star

ဆာဘစ်ဇာကလည်း မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ကြားကြားချင်းမှာပဲ အသင်းပြောင်းဖို့ သဘောတူခဲ့ပြီး ဆာဘစ်ဇာရဲ့ အသင်းပြောင်းချင်စိတ်ကြောင့်ပဲ ဘိုင်ယန်မြူးနစ်က သူ့ကို မန်ချက်စတာ ယူနိုက်တက်ဆီ အငှားချပေးဖို့ သဘောတူခဲ့ကာ ယနေ့မနက်မှာတော့ ဆာဘစ်ဇာဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမားသစ် ဖြစ်လာခဲ့ပါပြီ။

မန်ချက်စတာ ယူနိုက်တက် ကစားသမား ဘဝ ပထမဦးဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ဆာဘစ်ဇာက သူဟာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ချက်ချင်း လက်ခံဖြစ်ခဲ့ပုံကို ပြန်ပြောင်း ပြောပြသွားခဲ့ပါတယ်။ ဆာဘစ်ဇာက – “တခါတလေ ခင်ဗျားက ဘဝရဲ့ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကို ခပ်မြန်မြန် ချရတဲ့ အချိန်မျိုးတွေ ရှိပါတယ်။ ကျွန်တော်က မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ကြားကြားချင်းမှာပဲ ယူနိုက်တက်ဟာ ကျွန်တော့်အတွက် သင့်တော်တဲ့ နေရာတခု ဆိုတာ သိခဲ့ပါတယ်။ ကျွန်တော်က ပြိုင်ဆိုင်လိုစိတ် ပြင်းထန်တဲ့ ကစားသမားပါ။ ကျွန်တော်က အနိုင်ရလဒ်တွေပဲ လိုချင်သလို ဒီရာသီမှာလည်း အသင်းကို လိုချင်တဲ့ အောင်မြင်မှုတွေ ရအောင် ကူညီပေးသွားချင်ပါတယ်” ဆိုပြီး ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။