မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အခုရာသီ ပရီးမီးယားလိဂ်နဲ့ ဥရောပပြိုင်ပွဲများမှာ ကွဲပြားသော ခြေစွမ်းများ ပြသနေခဲ့ပြီး အသင်းနည်းပြ ရူဘင် အမော်ရင်ကတော့ သူ့အသင်းဟာ ပြိုင်ပွဲနှစ်ခုစလုံးမှာ ယှဉ်ပြိုင်ဖို့ အဆင်သင့် မဖြစ်သေးကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။
အမော်ရင်က သူ့အသင်းဟာ ပရီးမီးယားလိဂ်မှာ ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး ချန်ပီယံလိဂ် တာဝန်များကိုပါ ထမ်းဆောင်ဖို့ အဆင်သင့် မဖြစ်သေးကြောင်း သတိပေးလိုက်ပါတယ်။ မန်ယူနိုက်တက်ဟာ ဥရောပရဲ့ ထိပ်တန်းပြိုင်ပွဲကို ဝင်ခွင့်ရရှိဖို့ နီးစပ်နေပေမယ့်လည်း တနင်္ဂနွေနေ့က ဘရန့်ဖို့ဒ်ကို ရှုံးနိမ့်ခဲ့သဖြင့် ဒီရာသီထဲ လိဂ်ရှုံးပွဲက (၁၆)ပွဲမြောက်အထိတောင် ဖြစ်သွားခဲ့ပါတယ်။
Photo Credit : Sky Sports
အမော်ရင်ရဲ့ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့်(၁၅)နေရာနဲ့ ရပ်တည်နေရပေမယ့်လည်း အက်သလက်တစ် ဘီလ်ဘာအိုကို အနိုင်ရပြီးနောက် ယူရိုပါလိဂ် ဗိုလ်လုပွဲဆီ တက်ရောက်နိုင်ဖို့ အခြေအနေကောင်းနေသလို ဒီပြိုင်ပွဲမှာ ဗိုလ်စွဲရင်လည်း ဆုဖလားနဲ့အတူ ချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ ရရှိမှာ ဖြစ်ပါတယ်။
ဒါပေမယ့် ပေါ်တူဂီလူမျိုး နည်းပြက သူ့အသင်းရဲ့ ပွဲကျပ်ဇယားတွေကို ရင်ဆိုင်နိုင်စွမ်းနဲ့ ပတ်သက်ပြီး သံသယအချို့ ရှိနေပါတယ်။ အမော်ရင်က အသင်းရဲ့ ဥရောပ ရည်မှန်းချက်များကို ဦးစားပေးဖို့အတွက် ဘရန့်ဖို့ဒ်နှင့်ပွဲမှာ သူရဲ့အသင်းကို ကစားသမား အပြောင်းအလဲများစွာ ပြုလုပ်ခဲ့ပါသေးတယ်။ “ကျွန်တော်တို့ ပိုကောင်းအောင် ကစားနေတယ်ဆိုတာ သံသယမရှိပါဘူး။ ဒါကြောင့် အပူဒဏ်အားလုံးကို ကျွန်တော်တို့ ခံယူရပါမယ်။”
Photo Credit : Football Insider
“ဒီအချိန်မှာ ကျွန်တော်တို့ ပရီးမီးယားလိဂ်မှာ ရှုံးပွဲတွေ ကြုံနေရတယ်။ ကျွန်တော်တို့ ယူရိုပါလိဂ်အတွက် တိုက်ပွဲဝင်နေပြီး ကြာသပတေးနေ့ပွဲက ကျွန်တော်တို့အတွက် အရေးကြီးဆုံးပွဲပါပဲ။ ကျွန်တော်တို့ ပရီးမီးယားလိဂ်မှာ ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး ချန်ပီယံလိဂ်မှာပါ ကစားဖို့ အဆင်သင့်မဖြစ်သေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အနိုင်ရဖို့ လိုအပ်ပြီး ကျွန်တော်တို့ ပရိသတ်တွေကို တစ်ခုခု ပြန်ပေးဆပ်နိုင်ဖို့ ဒီပြိုင်ပွဲကို အနိုင်ရဖို့ လိုအပ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ဒီပြိုင်ပွဲနှစ်ခုလုံးကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ အသင်းကို ပြင်ဆင်ဖို့ အချိန်ရပါလိမ့်မယ်။” လို့ အမော်ရင်က ပြောဆိုသွားခဲ့ပါတယ်။
ဒါ့အပြင် အမော်ရင်က ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ဒဏ်ရာပြန်လည် ရရှိသွားခဲ့တဲ့ နောက်ခံလူ ဒီလစ်နဲ့ ပတ်သက်ပြီးတော့လည်း “ကျွန်တော်မသိသေးဘူး၊ ဒါကြောင့် တကယ်ကို စိုးရိမ်မိပါတယ်။ကြာသပတေးနေ့ ပွဲအတွက်တော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ လုခ်ရှောကို ကာကွယ်ဖို့နဲ့ ကြာသပတေးနေ့အတွက် ကစားသမားတွေရရှိဖို့ လူစားလဲခဲ့ပါတယ်။ ဒါပေမယ့် ဒီဒဏ်ရာက အသေးစားလား အကြီးစားလားဆိုတာနဲ့ လာမယ့်ရာသီအတွက် စဉ်းစားပြီး ပိုစိုးရိမ်မိပါတယ်။” လို့ ရှင်းပြသွားခဲ့ပါတယ်။